ရခိုင်ဒေသ ကိုရိုနာကူးစက်ခံရသူ အများစု ရောဂါလက္ခဏာ ပြင်းထန်မှုမရှိ



ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ တစ်နေ့တခြား တိုးလာနေပြီး နှစ်ပတ်နီးပါးအတွင်းမှာပဲ ပိုးတွေ့အတည်ပြုလူနာ ၂၃၈ ဦးအထိ ရှိနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက် ထုတ်ပြန်တဲ့ အတည်ပြုလူနာ ၁၃ ဦး စာရင်းမှာလည်း ၁၂ ဦးက ရခိုင်ပြည်နယ်ကဖြစ်ပြီး စစ်တွေ လေးဦး၊ မြောက်ဦး လေးဦး၊ ကျောက်ဖြူ နှစ်ဦး၊ မြေပုံနဲ့ ကျောက်တော်တို့က တစ်ဦးစီ ပါဝင်ပါတယ်။

အခုလို ပိုးတွေ့လူနာတွေ တိုးလာနေပေမယ့် အများစုဟာ ရောဂါလက္ခဏာ ပြင်းထန်တာမရှိဘဲ အခြေအနေ ကောင်းမွန်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။

စစ်တွေ ပြည်သူ့ဆေးရုံမှာ မနေ့ကအထိ ရောဂါလက္ခဏာပြင်းထန်တယ်လို့ ယူဆရတဲ့ လူနာတစ်ဦးရှိပြီး အသက်ရှု စက်ပေးရလောက်တဲ့ အနေအထားမရှိသေးသလို လိုအပ်ရင် စက်ကိရိယာတွေ အဆင်သင့်ပြင်ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က RFA ကို ပြောပါတယ်။

“မနေ့ကထိတော့ ရောဂါပြင်းထန်တယ်လို့ သတ်မှတ်ရသူ တစ်ဦးတော့ ရှိပါတယ်။ သူ့ကို အနည်းငယ် ထုံဆေး ထိုးရတယ်။ အောက်ဆီဂျင်ပေးထားရတဲ့ အနေအထားရှိပါတယ်။ အသက်ရှုစက်ပေးရမယ့် အနေအထားတော့ မရှိသေးဘူးပေါ့နော်။ သူ့ကို နည်းနည်းအထူးဂရုစိုက် ပေးရတာတော့ရှိတာပေါ့။ အသက်ရှုစက်တင်ဖို့ လိုတယ် ဆိုရင် တင်ဖို့အနေအထား အရန်သင့်ရှိပါတယ်။ လက်ရှိတော့ တစ်ယောက်မှတော့ တင်စရာမလိုသေးဘူး ပေါ့နော်”

စစ်တွေ ပြည်သူ့ဆေးရုံက ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၁၄၁ ဦးကို ရောဂါလက္ခဏာအပေါ် မူတည်ကာ အဆင့် လေးဆင့်ခွဲထားကြောင်း၊ အခြားရောဂါတွေနဲ့ ဆက်စပ်လူနာ ၁၃ ယောက်၊ ရောဂါလက္ခဏာ အနည်းငယ်ရှိတဲ့ လူနာ ၂၀ ကျော်လောက်ရှိပြီး လူနာတစ်ရာဝန်းကျင်လောက်က ပိုးတွေ့ပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန် ထန် မရှိသူတွေဖြစ်တယ်လို့ ဒေါက်တာ ဇော်လွင်က ပြောပါတယ်။

စစ်တွေမှာ ပိုးတွေ့လူနာတွေ တိုးလာနေတာကြောင့် စစ်တွေ ပြည်သူ့ဆေးရုံမှာ နောက်ထပ် လူနာ ၁၀၀ စာနဲ့ တိုင်းရင်းဆေးရုံမှာ လူနာ ၅၀ စာ စုစုပေါင်း လူနာ ၁၅၀ စာလောက်ကို ဆေးကုသပေးဖို့ ပြင်ဆင်ထားတယ် လို့လည်း ဒေါက်တာဇော်လွင်က ပြောပါတယ်။

လက်ရှိစစ်တွေမှာ လုပ်အားပေး Volunteer ဝန်ထမ်း စုစုပေါင်း ၈၆ ယောက်ရှိပြီး အများစုက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဘာသာရပ်အလိုက် မေ့ဆေးအထူးကု ဆရာဝန်တွေ၊ အဏုဇီဝ အထူးကု ဆရာဝန်တွေနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ ပါတယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာတွေ ဆက်တိုက်တွေ့နေသလို နောက်ထပ် ပိုးတွေ့လူနာအရေအတွက် ခန့်မှန်းလို့ မရတာကြောင့် လက်ရှိရှိနေတဲ့ ကုသရေးပစ္စည်းတွေ လုံးလောက်မှု ရှိ၊ မရှိ ပြောဖို့ခက်ပြီး လက္ခဏာပြင်းထန်သူတွေ များလာရင် လိုအပ်ချက်တွေ ရှိနိုင်တယ်လို့ ကိုရိုနာကပ်ဘေးကိစ္စတွေမှာ အကူအညီပေးနေတဲ့ ရခိုင်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် တခြားမြို့နယ်တွေမှာ အရင်ကတည်းက အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အဦနဲ့ ပစ္စည်းတွေ အားနည်းခဲ့တာကြောင့် ပိုးတွေ့လူနာတွေ အရမ်းများလာရင် စိုးရိမ်မိတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“သူတို့ကတော့ စီစဉ်နေပါတယ် ပြောနေပေမယ့်လည်း ကျွန်တော်တို့က သွားကြည့်လို့ ရတာမဟုတ်ဘူးလေ။ ဒီအခါမှာတော့ ကျွန်တော်တို့က နည်းနည်းပြောရတော့ ခက်တယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်မှာ ပြဿနာတစ်ခုရှိတာက ဘာလဲဆိုတော့ အစိုးရရဲ့ infrastructure တွေက အရင်ကတည်းက အားနည်းခဲ့တာ ကိုး။ စစ်တွေဆေးရုံမှာ ကုတင် ၅၀၀ ဆိုပေမယ့် ကုတင် ၅၀၀ မရှိဘူးပေါ့ဗျာ။ နယ်မြို့တွေမှာလည်း အဲလို ဆေးရုံဆေးခန်းတွေက တော်တော်လေးကို ကုသနိုင်တဲ့ အင်အားနည်းတာတွေ ရှိပါတယ်။ အရမ်းကို များပြားလာလို့ရှိရင် စိုးရိမ်စရာတစ်ခုခုများဖြစ်လာမလားလို့ တွေးပူမိပါတယ်”

မြန်မာနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံမဟုတ်ပေမယ့် ငွေရေးကြေးရေးလိုသမျှ ပံ့ပိုးပေးသွားမှာဖြစ်ပြီး ပြည်ထောင်စု တစ်စိတ်တပိုင်းမှာ ကျန်းမာရေးအတွက် အခြေခံပြည်သူတွေရဲ့ လိုအပ်ချက် မဖြစ်ရအောင် ပံ့ပိုးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ရခိုင်ပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသ ထိန်းချုပ်ရေး အွန်လိုင်းဆွေးနွေးမှုမှာ ပြောကြားခဲ့ပါတယ်။

“ငွေရေးကြေးရေးလည်း လိုသမျှ ပံ့ပိုးပါမယ်။ ဒီနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်ဘူး၊ အရင်းအမြစ်က သိပ်များတဲ့နိုင်ငံ မဟုတ်ဘူး။ သို့သော်ငြား ကျွန်မတို့လိုအပ်တဲ့ ပြည်ထောင်စုရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းကို အမြဲပဲ ထောက်ပံ့ပါတယ်။ ပြည့်ပြည့်စုံစုံ ထောက်ပံ့ပါတယ်။ ပြည်သူတွေကလည်း ဝိုင်းဝန်းပြီးတော့ ကူညီ ကြမယ်၊ ပံ့ပိုးကြမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အဲဒီဟာလည်း ကျွန်မတို့ အင်အားတစ်ခုပဲ။ အဲဒါကြောင့် ငွေရေးကြေးရေးအရလည်း ကျွန်မတို့ လုံလုံလောက်လောက်ပေးနိုင်မှာ ဖြစ်ပါတယ်။ လုံလုံလောက်လောက် ဖြစ်အောင်လည်း ကျွန်မတို့ လုပ်ပါမယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စု တစ်စိတ်တပိုင်းက ကျန်းမာရေးအတွက် အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်အတွက် မရှိရဘူးဆိုတာ မဖြစ်ရအောင် ပံ့ပိုးပေးပါ့မယ်”

ရခိုင်ပြည်နယ်မှာ ကပ်ဘေးကာလ စားနပ်ရိက္ခာ မပြတ်လပ်ရအောင် ပြည်ထောင်စုအစိုးရအနေနဲ့ ရတဲ့နည်းလမ်း တွေနဲ့ ပို့ပေးသွားမယ်လို့ ပြောဆိုခဲ့သလို လိုအပ်တာတွေကို ကူညီလုပ်ကိုင်ဖို့ စေတနာ့ဝန်ထမ်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကနေ ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့အထိ စုစုပေါင်း အတည်ပြုလူနာ ၂၃၈ ဦး တွေ့ရှိထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူတွေ စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ မြေပုံ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ မာန်အောင်နဲ့ ဂွမြို့နယ်တွေက ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/rakhine-corona-08292020064747.html

ရခိုင်ဒေသ ကိုရိုနာကူးစက်ခံရသူ အများစု ရောဂါလက္ခဏာ ပြင်းထန်မှုမရှိ  ရခိုင်ဒေသ ကိုရိုနာကူးစက်ခံရသူ အများစု ရောဂါလက္ခဏာ ပြင်းထန်မှုမရှိ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.