ပင်လယ်ထဲမျောပါသွားတဲ့ ၁၀ နှစ်သား ယောက်ျားလေး

အသက်ကယ်လှေက သူ့ကိုတွေ့ခဲ့လို့ ဒုတိယအကြိမ် အသက်ရှင်ခွင့်ရတယ်လို့ ခံစားခဲ့ရတယ်လို့ ရာဗီက ပြောပါတယ်။

မိသားစုနဲ့အတူ ကမ်းခြေကို အပန်းဖြေသွားတဲ့ ၁၀ နှစ်သား ယောက်ျားလေး တယောက်ဟာ လှိုင်းပုတ်ပြီး ပင်လယ်ထဲမျောပါသွားခဲ့ပါတယ်။ သူ့ကိုယ်သူ သေပြီလို့တောင်ထင်ခဲ့တာလို့ သူကပြန်ပြောပြပါတယ်။

အသက် ၁၀ နှစ်သား ရာဗီဆိုင်းနီဟာ ပင်လယ်ထဲမှာ ၁ နာရီကျော်ကြာ မျောပါနေခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ခဲ့ပါဘူး။

ပင်လယ်ထဲမျောပါသွားစဥ်မှာ သူဟာ ဘီဘီစီ ရုပ်မြင်သံကြား မှတ်တမ်း အစီအစဥ်ကလာတဲ့ သေဘေးကြုံစဥ်မှာ အသက်ရှင်ကျန်ရစ်အောင် နေထိုင်နည်း အကြံပေးချက်တွေကို သွားသတိရလိုက်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က သူ့ကိုပြန်တွေ့စဥ်မှာ သူဟာ ခြေလက်လေးဘက်ကားထားပြီး ပင်လယ်ထဲမှာ ပက်လက်မျောနေရင်း အသက်ကယ်ဖို့ အော်ဟစ်အကူအညီတောင်းနေတာကိုတွေ့ရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့က ရာဗီကို အံ့သြချီးကျူးခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံ စကားဘာရာမြို့အနီးက ပင်လယ်ရေပြင်မှာ ဇူလိုင်လ ၃၁ရက်နေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။

“ကျွန်တော်တော့ ဒုတိယအကြိမ် အသက်ရှင်ခွင့်ရတယ်လို့ ခံစားရတာပဲ” လို့ရာဗီက ပြောပါတယ်။
ကမ်းခြေမှာ အပန်းဖြေထွက်ရင်း မမျှော်လင့်ဘဲ အသက်အန္တရာယ်ကြုံတွေ့ခဲ့

ရာဗီဟာ အသက် ၃၇ နှစ်အရွယ် သူ့အဖေ နာသုရမ်၊ အသက် ၃၄ နှစ်အရွယ် သူ့အမေ ပွတ်စပါးဒေဝီ၊ ၉ နှစ်သမီး အရွယ် နှမငယ် မုစခမ်တို့နဲ့ အတူ South Bay ကမ်းခြေကို အပန်းဖြေသွားခဲ့ကြတာပါ။

ကြာသပတေးနေ့က သူဟာ အဲဒီမြို့က RNLI အသက်ကယ်အဖွဲ့ဝင်တွေဆီကိုသွားပြီး ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

ပင်လယ်ထဲမှာသူမျောပါသွားတဲ့ အကြောင်းကို သူက ဘီဘီစီကို ပြန်ပြောပါတယ်။ သူဟာ ပင်လယ်ထဲမှာ သူ့အဖေ သူ့နှမငယ်တို့နဲ့ အတူရေကစားနေရင်း သူ့အရပ်နဲ့ ထောက်မမီတဲ့နေရာကို ရောက်နေပြီဆိုတာ သတိထားလိုက်မိပါတယ်။

“ကျွန်တော့်ကို လှိုင်းပုတ်လို့မျောပါသွားပြီလို့သိတဲ့အချိန်မှာ ကယ်ကြပါ၊ ကယ်ကြပါလို့ အော်လိုက်ပါတယ်။”

“အဖေက ကျွန်တော့်ဆီကူးလာဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ရေက သူ့အရပ်နဲ့လည်း မမီတော့ပါဘူး။”

“ကျွန်တော်တော့သိပ်ကြောက်သွားတာပဲ။ ငါ့ဘဝတော့ ဒီမှာပဲ အဆုံးသတ်ပါပြီလို့ ထင်လိုက်မိပါတယ်။”
Raini sitting in a lifeboat
သူ့စိတ်အထင် ရေထဲမှာ ၅ နာရီလောက်ကြာအောင်မျောနေခဲ့တယ်လို့ အောက်မေ့ခဲ့ပါတယ်။ တကယ်ကြာတာက ၁ နာရီကျော်ကျော်လေးပါ။ အဲဒီလောက်ကြာပြီးမှ အသက်ကယ်စက်လှေရဲ့အသံကို ကြားလိုက်ရပါတယ်။

ရာဗီဟာ အပတ်စဥ် ရေကူးသင်တန်းတက်ပါတယ်။ သူဟာ ဘီဘီစီကလာတဲ့ ပင်လယ်မှာ အသက်ရှင်နည်း အစီအစဥ်ကို အမြဲအားပေးတဲ့ ပရိသတ်တယောက်လည်း ဖြစ်ပါတယ်။

အဲဒီထဲမှာ ပက်လက်လှန်ကိုယ်ဖော့တဲ့နည်း ပါတာကို သူသွားသတိရပါတယ်။ ပင်လယ်ထဲမျောပါသွားရင် ကြောက်အားလန့်အားနဲ့ ဇွတ်ရေကူးဖို့ မကြိုးစားနဲ့၊ အဲသလိုကူးရင် မောပန်းအားကုန်မယ်၊ ပါးစပ်ထဲနှာခေါင်းထဲ ရေဝင်မယ်၊ မြန်မြန်အသက်ဆုံးရှုံးမယ်၊ ပက်လက်လှန်ကိုယ်ဖော့ထား၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ကြိုးစားပြီး ကယ်ဆယ်မယ့်လူလာအောင်စောင့်ဖို့ အကြံပေးထားပါတယ်။

အဲဒါကို သတိရပြီး ရာဗီလည်း အဲဒီမှာ အကြံပေးတဲ့ အတိုင်း ကြယ်ငါးတကောင်လို့ ခြေလက်လေးဘက်ကားပြီး ပက်လက်လှန်ပြီး ငြိမ်ငြိမ်နေခဲ့ပါတယ်။

“ရုတ်တရက်လှိုင်းတွေက သိပ်ပြင်းထန်လာပြီး ကျွန်တော့်တကိုယ်လုံး ရေတွေဖုံးသွားတယ်။ အသက်ရှူမရတာ ၁၀စက္ကန့်လောက်ကြာပြီးမှ တခါတခါ ပြန်ပေါ်လာတယ်။”

သူ့အဖေက စားဖိုမှူးတယောက်ပါ။ သူ့သားကိုသူကယ်ဆယ်ဖို့ကြိုးစားခဲ့တဲ့ အကြောင်းပြန်ပြောပြပါတယ်။ ဒါပေမဲ့ ရေကသိပ်နက်ပြီး ရေစီးကလည်းသန်နေတယ်လို့ ဆိုပါတယ်။
အသက်ကယ်လှေအဖွဲ့က ဖိုးသက်ပြင်းရာဗီကို အမှတ်တရလက်ဆောင်တွေပေး

“ရေက ကျွန်တော့်လည်ပင်းလောက်ရောက်နေပြီး ကျွန်တော့်ကိုယ်ကိုယ် ထိန်းလို့ မရတော့ဘူး။”

“တဖြည်းဖြည်းနဲ့ ဝေးဝေးသွားပါတယ်။သူ့မျက်နှာကို တခါနှစ်ခါလောက် ပြန်မြင်လိုက်ရပါသေးတယ်။ အဲဒီနောက် လုံးဝပျောက်သွားပါတယ်။”

“ရေထဲမှာ ကျွန်တော်လည်း ကိုယ့်ဘာသာမသေအောင် တော်တော်ရုန်းကန်ရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးသေပြီလို့ကို စိတ်ထဲမှာထင်ထားတာ။”

သူ့သားတော့ သူ့မျက်စိအောက်ပဲ သေပါပြီလို့ထင်မိတဲ့အကြောင်းလည်း သူကပြန်ပြောပြပါတယ်။
ရာဗီမျောပါသွားခဲ့တဲ့ ပင်လယ်ကမ်းခြေ

အသက်ကယ်လှေအဖွဲ့ဝင် ရူဒီဘားမန်းက အခုလိုပြန်ပြောပြပါတယ်။

“အံ့သြချီးကျူးစရာကောင်းတဲ့လူငယ်လေးပါ။အကြောက်လွန်ပြီးပျာမသွားအောင် ကြိုးစားထိန်းနေပါတယ်။”

“ပက်လက်လှန်ပြီးကိုယ်ဖော့နေခဲ့တာဟာ တကယ်ကိုအံ့မခန်းပါပဲ။အဲဒါက သူ့အသက်ကို ကယ်လိုက်တာပါပဲ။”

BBC Burmese
ပင်လယ်ထဲမျောပါသွားတဲ့ ၁၀ နှစ်သား ယောက်ျားလေး ပင်လယ်ထဲမျောပါသွားတဲ့ ၁၀ နှစ်သား ယောက်ျားလေး Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.