မြန်မာအလုပ်သမားတွေ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ ပြန်သွားနိုင်တော့မယ်

ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင် တခုက မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားများ။ (သြဂုတ် ၀၆၊ ၂၀၂၀)

အိမ်နီးချင်း သုံး နိုင်ငံက အလုပ်သမားတွေ ထိုင်းနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေလည်း တရားဝင် ပြန်လာနိုင်ကြတော့မယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို အိမ်နီးချင်း သုံး နိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေကို ထိုင်းနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းလွှတ်တော်က ဒီတပတ်ထဲမှာပဲ အတည်ပြုလိုက်တာပါ။ ၂ နှစ်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ အလုပ်သမားရေး လှုပ်ရှားနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုရှင်းပြပါတယ်။

"နိုင်ငံခြားသား အလုပ်သမားတွေထဲက အကြောင်းအမျိုးမျိုးနဲ့ သက်တမ်း မတိုးရသေးတဲ့သူတွေကို အလုပ်ရှင်တွေရဲ့ အာမခံနဲ့ တာဝန်ယူမူ့နဲ့ သက်တမ်းတိုးခွင့်ပြုလိုက်တယ်။ မူလတုန်းက ဇူလိုင်လက ၃၁ နေထိပဲ စာရွက်စာတမ်း သက်တမ်းကုန်တဲ့သူတွေကိုပဲ ခွင့်ပြုထားတာ အခုသြဂုတ်လ ၄ ရက်နေ့ကတော့ အောက်တိုဘာလကုန်အထိ သက်တမ်းတိုးခွင့်ပြုမယ်။ အလုပ်ရှင်တွေက မိမိတို့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားနေရာချထားရေးရုံးတွေမှာ စာရင်းပေးသွင်းရမယ်။

အုပ်စု ၁ ကတော့ MOU နဲ့ မြန်မာနိုင်ငံကလာတဲ့ သူတွေကို စာရင်းပေးသွင်းရမယ်။ အုပ်စု ၂ ကတော့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် စီအိုင်တို့၊ PJ အလုပ်ဗီဇာနဲ့ လာတဲ့ နိုင်ငံကူးစာအုပ်တွေနဲ့ လာတဲ့သူတွေ၊ အုပ်စု ၃ ကတော့ ရာသီအလိုက် နယ်စပ်တွေမှာ အလုပ်လုပ်ကြတဲ့ ၃ လတကြိမ် အလုပ်သမား လက်မှတ်လုပ်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားလို့ ခေါ်တယ်။ သူတို့တွေဟာ အောက်တိုဘာလ ၃၁ ရက်အထိ စာရင်းပေးသွင်းရမယ် နေထိုင်အလုပ်လုပ်ခွင့်ကတော့၂၀၂၀ နိုဝင်ဘာလ ၁ ရက်နေ့က ၂၀၂၂ မတ်လ ၃၁ ရက်အထိ အလုပ်လုပ်ခွင့်ရမယ်။"

ထိုင်းအစိုးရကတော့ အိမ်နီးချင်းနိုင်ငံတွေက ပြန်လာကြမယ့် အလုပ်သမား ၆၅၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပြီး ဘန်ကောက်အပါအဝင် သက်ဆိုင်ရာ နယ်မြေတွေက အလုပ်သမားနေရာချထားရေးနဲ့ စီမံခန့်ခွဲရေးဌာနတွေမှာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အလုပ်လုပ်ခွင့်အတွက် သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးဆောင်ပြီးကြောင်း ပြေစာ -ဆေးထောက်ခံစာ- ကိုယ်ရေးရာဇဝင် အချက်အလက်နဲ့ ကျန်းမာရေးအာမခံကြေးပါ တပါတည်းလုပ်ဆောင်ရမယ်လို့လည်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖောြ်ပထားပါတယ်။ နယ်စပ်ကနေ ပြန်လာကြမယ့် ခန့်မှန်းခြေ အလုပ်သမား ၁၀၀,၀၀၀ နီးပါးကိုလည်း နောက် ၂ နှစ် အလုပ်ခွင့်ပြုမှာဖြစ်ပြီး လျှောက်ထားသူတွေဟာ အရင် သက်တမ်းကုန်ပြီးသား work permit နဲ့ အလုပ်ရှင်ရဲ့ အလုပ်ခန့်စာ မူရင်းစာရွက်နဲ့အတူရောက်ရှိနေတဲ့ ဒေသဆေးရုံတွေမှာ ကျန်းမာရေးအာမခံ ဝယ်ယူထားရမှာ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ လုပ်ငန်းတွေတော်တော်များများ ရပ်ထားရတဲ့အတွက် မြန်မာနိုင်ငံသားတွေ အပါအဝင် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ နေရပ်ပြန်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကို ထိုင်းနိုင်ငံမှာ တဖြေးဖြေး ပြန်လည်လျှော့ပေါ့လာရာက အခုအခါ နိုင်ငံခြားသား အလုပ်သမားတွေကို ပြန်လည် လက်ခံဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ 

မအေးအေးမာ  / ဗွီအိုအေ ( မြန်မာပိုင်း)
မြန်မာအလုပ်သမားတွေ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ ပြန်သွားနိုင်တော့မယ် မြန်မာအလုပ်သမားတွေ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ ပြန်သွားနိုင်တော့မယ် Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.