မေယုတောင်ကြားတိုက်ပွဲမှာ သေဆုံးခဲ့တဲ့လဝကအရာရှိ နာရေး စစ်တွေမှာ ပြုလုပ်မယ်

ဦးကျော်ဇောခိုင်ဟာ ပလက်ဝဇာတိရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ သုံးလကမှ မောင်တောလဝကဌာနကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာပါ။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အနီး မေယုတောင်ကြားလမ်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောခိုင်ရဲ့ ရုပ်အလောင်း စစ်တွေကို ရောက်ရှိလာပြီဖြစ်ပြီး သူ့နာရေးကို သြဂုတ် ၆ မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။

ဦးကျော်ဇောခိုင်ဟာ မောင်တောမြို့နယ် အင်းဒင်စခန်းကနေ ရသေ့တောင်မြို့နယ် စေတီပြင်စခန်းကို တာဝန်ထမ်းဆောင်ဖို့သွားတဲ့လမ်းမှာ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်ရီရီစိုးက ဘီဘီစီကို ပြောပါတယ်။

ဩဂုတ်လ ၂ ရက်နေ့က မောင်တောမြို့နယ် တောင်ဘက် ရသေ့တောင်မြို့နယ် အနောက်ဘက်မှာ ရှိတဲ့ မေယု တောင်ကြားလမ်းမှာ တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လဝက ဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ အေအေရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံလိုက်ရတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာဟာ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ကျောက်ပန္တူ-စေတီပြင်ဖြတ်လမ်းမှာဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂ ရက်နေ့တစ်ရက်လုံးလို တိုက်ပွဲ တွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းရကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူး ဦးကျော်ဇောခိုင် အပါအဝင် တပ်မတော်က အရာရှိနဲ့ စစ်သည်တချို့၊ ရဲတပ်ဖွဲ့ဝင်တွေအပါဝင် ၁၀ ဦးကျော် ကျဆုံးခဲ့ရသလို ပျောက်ဆုံးနေသူတချို့လည်း ရှိခဲ့ပါတယ်။

ဦးကျော်ဇောခိုင် သေဆုံးသွားတဲ့အကြောင်းကို သူနဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ မောင်တောလဝကကနေ မိသားစုတွေဆီကို ဖုန်းဆက်အကြောင်းကြား လာတဲ့အတွက် သိခဲ့ရတာလို့ သူ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်ရီရီစိုးက ပြောပါတယ်။

"သူအဲ့ဒီမှာ တာဝန်ထမ်းဆောင်ဖို့သွားတာ သုံးလလောက်ရှိပြီ။ သူက အင်းဒင်မှာ ကျနေတာ၊ အင်းဒင်ကနေ စေတီပြင်သွားတဲ့လမ်းမှာ လုပ်ကြံခံလိုက်ရတာ။ လဝကက အကြောင်းကြားလို့သိရတာ။ အခုသူ့အလောင်း စစ်တွေကိုရောက်နေပြီ။ မနက်ဖြန်(သြဂုတ် ၆) သင်္ဂြိုဟ်မှာ။ ဘယ်လိုပုံစံနဲ့သေဆုံးတယ်ဆိုတာကို အန်တီတို့ အခုထိမသိရသေးဘူး"လို့ သူက ပြောပါတယ်။

လဝကအရာရှိ ဦးကျော်ဇောခိုင်ဟာ ပလက်ဝမြို့ဇာတိ ရခိုင်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် လဝကဌာနမှာ တာဝန်ထမ်းဆောင်နေရာကနေ မောင်တောကို လွန်ခဲ့တဲ့ သုံးလလောက်ကမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဦးကျော်ဇောခိုင်မှာ ကျောင်းနေအရွယ် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ပြီး ဖခင်ဖြစ်သူသေဆုံးခဲ့တာကြောင့် ကလေးတွေရဲ့ အနာဂတ်ပျောက်ဆုံးသလို ဖြစ်ခဲ့ရကြောင်းနဲ့ မိသားစုအတွက်လည်း ဆုံးရှုံးနစ်နာမှုတွေရှိသလို ဝမ်းနည်းကြေကွဲရတယ်လို့ ဒေါ်ရီရီစိုးက ပြောပါတယ်။

သြဂုတ်လ ၃ ရက်နေ့မှာလည်း နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အေအေတို့ မေယုတောင်တန်း အရှေ့ဘက်ခြမ်း အထက်နန်းရာ ကျေးရွာဟောင်းအနီးမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားပါတယ်။

အခုလို နှစ်ရက်ဆက်တိုက်ပွဲအတွင်းမှာ အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကျဆုံးခဲ့သလို ပျောက်ဆုံးနေတဲ့တပ်ဖွဲ့ ဝင်တွေလည်းရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။

အဲ့ဒီတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာနှစ်ခုစလုံးမှာ လူနေကျေးရွာတွေနဲ့ ဝေးတဲ့အတွက် တိုက်ပွဲအခြေအနေတွေကို ကြားသိနိုင်ခြင်း မရှိတာကြောင့် ဘယ်လောက်အတိုင်းအတာထိ ဖြစ်ပွားခဲ့ကြတယ်ဆိုတာကို မပြောနိုင်ဘူးလို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုပါတယ်။

ရခိုင်နယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ နယ်မြေတစ်ခုနဲ့တစ်ခု အလှည့်ကျ ပြောင်းရွှေ့ပြီး တာဝန်လဲလှယ်ထမ်းဆောင်ရတာတွေရှိနေပြီး စခန်းအပြောင်းအလဲလုပ်တဲ့အချိန်မှာ ခုလို တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ရဲကလည်း ကျဆုံးဒဏ်ရာရတာရှိတယ်။ တပ်ကလည်း ကျဆုံးဒဏ်ရာရတာ ရှိပါတယ်။ လဝကကတော့ အရာရှိတစ်ဦးကျဆုံးတယ်ဆိုတာကတော့ ထုတ်ပြန်လိုက်ပါတယ်။ အရေအတွက်ကတော့ ကျွန်တော်တို့မပြောတော့ဘူး။ အခုချိန်ထိ ပျောက်ဆုံးနေတဲ့သူတွေရှိတယ်။ ပျောက်ဆုံးနေသူတွေကတော့ လဝက မပါပါဘူး။ တပ်နဲ့ရဲကပဲ ပါပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အခုလို စခန်းအပြောင်းအလဲလုပ်တဲ့အခါမှာ တပ်ဖွဲ့ဝင်တွေပဲ သီးသန့်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေမပါဝင်ဘူးလို့ တပ်မတော်က ပြောထားပါတယ်။

ရခိုင်မြောက်ပိုင်းဒေသအတွင်း အခုလိုတိုက်ခိုက်ခံရမှုတွေက တပ်မတော်က လုံခြုံရေးသတင်းရယူမှုမှာ ဘယ်လို အားနည်းချက်တွေရှိနေလဲလို့ ဘီဘီစီက မေးမြန်းခဲ့ရာမှာ အေအေတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေမှာ အရပ်သား အယောင်ဆောင်ပြီးနေထိုင်ကြတာတွေနဲ့ တချို့သတင်းတွေကို ရယူတဲ့အခါမှာ ပြည့်စုံစွာရယူနိုင်မှုအားနည်းတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံရလို့သေဆုံးခဲ့ရသလို ကျေးရွာ ငါးရွာလောက်က ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ရသေ့တောင်မြို့နယ်ဟာ အခုမိုးတွင်းကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ဒေသခံတွေ သောင်းချီပြီး ထွက်ပြေးနေကြရပါတယ်။

လက်ရှိမှာလည်း မေယုတောင်ကြားလမ်းအတွင်း အခုလိုချောင်းမြောင်း တိုက်ခိုက်ခံရတဲ့အတွက် တန်ပြန် သောင်းကျန်းသူအကြမ်းဖက်နှိမ်နင်းရေး တွေကို ပြုလုပ်နေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။ 

BBC Burmese
မေယုတောင်ကြားတိုက်ပွဲမှာ သေဆုံးခဲ့တဲ့လဝကအရာရှိ နာရေး စစ်တွေမှာ ပြုလုပ်မယ် မေယုတောင်ကြားတိုက်ပွဲမှာ သေဆုံးခဲ့တဲ့လဝကအရာရှိ နာရေး စစ်တွေမှာ ပြုလုပ်မယ် Reviewed by THITHTOOLWIN on 09:41 Rating: 5

No comments:

Powered by Blogger.