မြောက်ဦးမှာ အရပ်သားတစ်ဦးကို တပ်မတော်က ဖမ်းဆီးပြီးနောက် ရုပ်အလောင်းကိုပြန်ပေး


ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့က နေ့လယ်ပိုင်းက အရပ်သားအလောင်းတစ်လောင်းကို အမှတ်-၃၇၇ တပ်ရင်းကနေ မြောက်ဦးဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။


အဲဒီရုပ်အလောင်းဟာ သြဂုတ်လ ၇ ရက်နေ့က ဖမ်းဆီးခံရတဲ့ ပုဇွန်ဖေကျေးရွာက အသက် ၄၁ နှစ်အရွယ် ဦးစံရွှေလှိုင်ဖြစ်တယ်လို့ မိသားစုဝင်တွေက RFA ကိုပြောဆိုကြပါတယ်။


မြောက်ဦးမြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်က မနေ့က ရဲကအကူအညီတောင်းလာလို့ အမှတ်- ၃၇၇ တပ်ရင်းထဲကနေ နာရေးကားနဲ့  အလောင်းကို သွားယူခဲ့ရတာလို့ ပြောပါတယ်။


“နေ့လယ် ၂ နာရီလောက်က နာရေးကို ရဲကအကူအညီတောင်းလို့ နာရေးကားနဲ့ သွားယူတယ်။ ရဲလည်း ပါတယ် အတူတူကားနဲ့သွားကြတယ်။ အဲဒီမှာ ၁ နာရီကျော်လောက်ကြတယ်။ ၃၇၇ တပ်ရင်းက သွားယူ ခဲ့ရတာ။ ပြီးမှဆေးရုံရောက်တယ်။ ဒီနေ့မှာတော့ ဆေးရုံကအလောင်းကိုယူပြီး မြေမြှုပ်သင်္ဂြိုဟ်ပစ်တယ်”


သေဆုံးသူ ဦးစံရွှေလှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က မြောက်ဦးမြို့မှာ အကိုဖြစ်သူရဲ့ နာရေးအခမ်းအနား ကနေ အပြန်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာလို့  ညီမဖြစ်သူ ဒေါ်မပုချေက ပြောပါတယ်။


“လွန်ခဲ့အပတ် သောကြာနေ့ကနေ ပျောက်သွားတာပါ။ သူဟာ အဲဒီနေ့က အကို့အိမ်မှာ မိသားစု စာရင်းတွေ ရှင်းပြီးတော့ အပြင်ကိုထွက်သွားတယ်။ ဆင်ချဆိပ်ရပ်ကွက်ဘက်ကို ထွက်သွားတယ်။ သူ့ယောက်ဖနဲ့အတူ ဆိုင်ကယ်နဲ့ အတူတူသွားကြတာ။ အပြန်မှာ သူ့ယောက်ဖက သူ့ကိုပြန်ခေါ်လို့မရလို့ အဲဒီမှာထားခဲ့တယ်။ ကျွန်မတို့အခုသိရတာက အဲဒီမှာသူသွားနေတုန်း စစ်ကားတစ်စီးက ကျွန်မအကို့ကို ရိုက်ပြီးတော့ ဆွဲတင် သွားတယ်တဲ့။ ကျွန်မအကိုမှာ အပြစ်ရှိတာလည်း မဟုတ်ဘဲနဲ့ ဒီလောက်အထိနှိပ်စက်ပြီးတော့ သူ့အလောင်း အခုလို လာပို့လိုက်တာ”


မနေ့က ဆေးရုံကိုရောက်လာတဲ့ ဦးစံရွှေလှိုင်ရဲ့ ရုပ်အလောင်းကို သွားကြည့်ခဲ့တဲ့ ဆွေမျိုးတစ်ဦးဖြစ်သူ ဦးဦးဝင်းမောင်က သူ့ရဲ့ရုပ်အလောင်းကို ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုပ်ပျက်ဆင်းပျက်မြင်ခဲ့ရတယ်လို့  ပြောပါတယ်။


“ကျွန်တော်တို့က ကိုယ့်လူဟုတ်မဟုတ် အလောင်းရှိတဲ့နေရာကို သွားကြည့်တာပါ။ အဲဒီမှာ ကိုယ့်လူဖြစ်နေ ပါတယ်။ ကျွန်တော်မြင်တာက အလောင်းကိုခွဲခန်းမှာတင်လို့ အားလုံးရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ပြီးရင် ကျွန်တော် မျက်နှာကိုလှမ်းကြည့်တော့ နှာဖူးနဲ့ မျက်ခုံးကလည်း ချိုင့်ဝင်နေတာတွေ့ပါတယ်”


ဒီနေ့ နေ့လယ်ဘက်မှာ ဦးစံရွှေလှိုင်ရဲ့ရုပ်အလောင်းကို မြောက်ဦးသုဿန်မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။


ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းက ဒီသေဆုံးမှုအတွက် တပ်မတော်မှာ တာဝန်ရှိတယ်လို့ပြောပါတယ်။


“သံသယနဲ့စစ်ဆေးနေတဲ့ စစ်ကြောရေးကာလမှာ သတ်ဖြတ်လိုက်တာပေ့ါ။ အဲဒါ သူ့တို့စခန်းမှာပဲ တာဝန်ရှိတယ်။ သူဆုံးသွားတဲ့ သူရဲ့မိသားစုဝင်တွေက တရားမျှတမှုရှိဖို့အတွက် သက်ဆိုင်ရာနယ်မြေမှာ အမှုဖွင့်ရမယ်။ နောက်ပြီး  တပ်မတော်ကလည်း ဖမ်းဆီးစစ်ဆေးသွားတဲ့အချိန်မှာ သေဆုံးသွားတဲ့အတွက် ကြောင့် ဒီသေဆုံးသွားတဲ့အပေါ် မှာ အရေးယူပေးရမယ်။ အဲဒီလို အရေးယူတာမရှိဘူးဆိုရင် အဲဒီတရား လွှတ်တော်ကနေပြီးတော့ ဒီလူတွေကို ဥပဒေမဲ့သတ်ဖြတ်ဖို့အတွက် အခွင့်အရေးတွေပေးထားတယ် ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။ ကျွန်တော်တို့ဆီမှာတော့ တပ်မတော်နဲ့ပတ်သက်လာရင် တရားမျှတ မှုရရှိဖို့အတွက် အလှမ်းအရမ်းဝေးပါတယ်”


အခုလို တပ်မတော်က ဖမ်းဆီးပြီးသေဆုံးခဲ့ရတဲ့  ဦးစံရွှေလှိုင် ကိစ္စနဲ့ပတ်သက်လို့  အောက်ခြေတပ်မတော်သား တွေရဲ့လုပ်ရပ်တွေကို အထက်အရာရှိတွေကို သိစေချင်တယ်လို့လည်း မိသားစုကပြောပါတယ်။


ဒီကိစ္စကို အမှုဖွင့်တိုင်ကြားရင်လည်း အမှုမှန်ပေါ်ပေါက်ဖို့ ယုံကြည်ချက်နည်းနေတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့် မတိုင်ကြားတော့ဘူးလို့လည်း မိသားစုဝင်တွေကပါတယ်။


ရခိုင်မြောက်ပိုင်းမှာ အေအေ အဖွဲ့ဝင်တွေဆိုတဲ့ သံသယနဲ့ တပ်မတော်က ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်လေ့ရှိတာပါ။


ဦးစံရွှေလှိုင် ဖမ်းဆီးခံရတဲ့ပြီး သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။


"မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ ဒီလို အကြမ်းဖက်သတ်ဖြတ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်လာတာ တွေ့ရကြောင်း၊ ဒီသတ်ဖြတ်မှုကို အစိုးရက ကြောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်လုပ်ရပ်လို့ ပြောလို့ရကြောင်း။ အခုဆိုရင် စစ်တပ်က သတ်လို့သေရတဲ့ အရပ်သားက သုံးရာကျော်ရှိနေပြီး ၃ဝ ကျော် လောက်က လုံးဝ အလောင်းဖျောက်ခံထားရကြောင်း၊ ဒီသတ်ဖြတ်မှုတွေမှာ မြန်မာအစိုးရမှာလည်း တာဝန်ရှိတယ်"


အရပ်သားတစ်ဦးဖြစ်တဲ့ ဦးစံရွှေလှိုင်ကို ဖမ်းဆီးပြီး အလောင်းကို ပြန်ပို့လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကို RFA က မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။


ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုဇော်ကြီးကို အမှတ်-၃၇၇ တပ်ရင်းက မြို့အဝင် ငွေတောင်ပေါက်တံတားအနီးမှာ ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက် ဧပြီလ ၃၀ ရက်နေ့မှာ သူ့ရဲ့ရုပ်အလောင်းကို အဲဒီတပ်ရင်းက မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။


RFA က ရှိတဲ့အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိအချိန် တစ်နှစ်ကျော်လမှာ စစ်ကြောရေးစခန်းမှာ သေဆုံးတာ၊ ဖမ်းဆီးခံထားရစဉ် သတ်ဖြတ်ခံရတာ၊ တပ်မတော် စစ်ကြောရေးစခန်းကနေ အလောင်းကို ဆေးရုံနဲ့ ရဲစခန်းကို လာရောက်အပ်နှံတာ စတဲ့ဖြစ်စဉ်တွေမှာ သေဆုံးသူ ၃၀ ဦးအထိရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/army-transfers-dead-body-to-hospital-in-mrauku-08112020075200.html

မြောက်ဦးမှာ အရပ်သားတစ်ဦးကို တပ်မတော်က ဖမ်းဆီးပြီးနောက် ရုပ်အလောင်းကိုပြန်ပေး  မြောက်ဦးမှာ အရပ်သားတစ်ဦးကို တပ်မတော်က ဖမ်းဆီးပြီးနောက် ရုပ်အလောင်းကိုပြန်ပေး Reviewed by THITHTOOLWIN on 23:49 Rating: 5

No comments:

Powered by Blogger.