ရွေးကောက်ပွဲဝင်လိုသူတချို့ အွန်လိုင်းကနေ မဲဆွယ်နေတယ်လို့ ပုသိမ်ခရိုင်ကော်မရှင်ပြော


လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းလာတဲ့ ကိုယ်စားလှယ် လောင်းတွေကို ရွေးကောက်ပွဲကော်မရှင်က စိစစ်နေဆဲကာလဖြစ်တဲ့အတွက် လူမှုကွန်ရက်မှာ မဲဆွယ်စည်းရုံး တာတွေမလုပ်ဖို့ ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပါတီတွေထံ သတိပေး လိုက်ပါတယ်။


ဇူလိုင် ၂၀ ရက်နေ့ကနေ သြဂုတ် ၇ ရက်နေ့အထိ တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သတ်မှတ်ချက်အရည်အချင်းတွေနဲ့ ပြည့်မီမှုရှိ မရှိကို ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၁၇ ရက်နေ့ နောက်ဆုံးထားစစ်ဆေးနေပါတယ်။


အခုလို စစ်ဆေးနေဆဲကာလဖြစ်လို့ ကိုယ်စားလှယ်လောင်းအဖြစ် ကော်မရှင်က အတည်မပြုခင် စပ်ကြားမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးအသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေကို အွန်လိုင်း လူမှုကွန်ရက်မှာ ခပ်စိပ်စိပ် တွေ့လာရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင် က ပြောပါတယ်။


“ရွေးကောက်ပွဲဥပဒေအခန်း ၆ အရ မစီစစ်ရသေးဘူး။ အခန်း ၅ အရ အမည်စာရင်းတင်သွင်းထားတာပဲ ရှိသေးတယ်။ အဲဒါကြောင့် သူတို့ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဖြစ်သေးတဲ့အတွက် ဒါတွေကို ပြောလို့မရတာပါ။ မဲဆွယ်တာတောင်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်ခွင့်ကာလမှာပဲ မဲဆွယ်ခွင့် ရမှာပါ။ လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြစ်သေးဘူး။ အဲဒီလူရဲ့ အဖွဲ့တွေကလည်း အွန်လိုင်းမှာတင်တဲ့ အခါကျတော့ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်ဖြစ်မှာစိုးလို့ ဒါကို သတိပေးတားမြစ်လိုက်တာပါ။ ဒီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက လောလောဆယ်မှာ ကျွန်တော်တို့ဘက်ကလည်း ဘာမှစစ်ဆေးပြီးတော့ အတည်မပြုရသေးဘူး။ အကယ်၍ စစ်ဆေးတဲ့အခါမှာ အရင်ဥပဒေနဲ့သော်လည်းကောင်း တခြားကိစ္စတွေနဲ့ ရွေးချယ်ခံလို့မရတဲ့ ဥပဒေနဲ့  ညှိလို့ရှိရင် သူ့ကို ကျွန်တော်ပယ်ရမှာပါ။ ဒါကြောင့် ပုံစံ ( ၁၀ ) နဲ့ အတည်မပြု မချင်းမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ မဟုတ်သေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာပဲရှိပါသေးတယ်။”


ပုသိမ်ခရိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီပေါင်း ၁၅ ပါတီရှိပြီး တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ စုစုပေါင်း ၁၆၀ ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးမှာဆိုရင်တော့ ဝင် ရောက်ယှဉ်ပြိုင်တဲ့ ပါတီပေါင်း ၁၈ ပါတီရှိပြီး ကိုယ်စားလှယ်အမည်စာရင်းတင်ထားသူ စုစုပေါင်း ၅၄၄ ဦး ရှိပါတယ်။


ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမြင့်နိုင်က ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ညီ မညီ စိစစ်ဆဲ ကာလမှာ ဒီလို လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်ဖို့ စောင့်ကြည့်နေ ပါတယ်။


“အဲဒါတွေက အခြေအနေပေါ်ကြည့်ပြီးထုတ်ဖို့ရှိတယ်။ အခုက ကိုယ်စားလှယ်လောင်း စီစစ်ဆဲဖြစ်တယ်။ ဖြစ်တဲ့အခါ အဲလိုမျိုးလုပ်တာတော့ မကောင်းဘူး။ ဒါကြောင့် နောက်ခရိုင်တွေမှာ အဲလိုမျိုးတွေ့တယ်ဆိုရင် သတိပေးသွားမယ်။ ဒါတွေက ထိန်းချုပ်ရမယ်။"


ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်က အခုလိုသတိပေးစာ ပေးပို့တာကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တော့ မဟုတ်ဘူးလို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောပါတယ်။


လက်ရှိ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းကတော့ ကော်မရှင်က အသိအမှတ်ပြုတဲ့ ကိုယ်စားလှယ်လောင်း ကတ်ပြားရမှ မဲဆွယ်စည်းရုံးတာတွေ မဲဆန္ဒရှင်တွေနဲ့ မိတ်ဆက်တာတွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။


“ကျွန်တော်တို့တုန်းကတော့ စည်းရုံးရေးကာလရောက်မှပဲထွက်နေကျ။ သူတို့ တရားဝင်ကြေညာတဲ့အချိန်ပဲ ထွက်တာလေ။ ရွေ့းကောက်ပွဲ ကိုယ်စားလှယ်လောင်းဆိုတာက သူတို့စီစစ်ပြီးမှ ကိုယ်စားလှယ်လောင်းလို့ သတ်မှတ်လို့ရမှာ။ ကော်မရှင်က အသိအမှတ်ပြုပြီးတော့ ကိုယ်စားလှယ်လောင်းဆိုပြီး ကတ်ပြားထုတ်ပေး တော့မှ ကိုယ်စားလှယ်လောင်းလို့ သတ်မှတ်တာလေ။ တသီးပုဂ္ဂလည်း ကိုယ့်ဟာကိုတင်တာပဲ။ အခုကိုယ့် ဟာကို ကိုယ်စားလှယ်လောင်းသတ်မှတ်ပြီး လျှောက်မဲဆွယ်နေလို့ ဘယ်ဖြစ်မလဲ"


ဦးဝေလှိုင်ထွန်းက လာမယ့်ရွေးကောက်ပွဲမှာလည်း ပြည်သူ့လွှတ်တော်အတွက် ပုသိမ်မြို့နယ် မဲဆန္ဒနယ်မြေ ကနေပဲ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။


ပါတီလှုပ်ရှားမှုတွေနဲ့ ကိုယ်စားလှယ်လောင်း မိတ်ဆက်တာတွေကို အွန်လိုင်းမှာ အဆက်မပြတ် ကြေညာနေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP က ဒုတိယဥက္ကဌ ဦးကျော်ဇေယျက သူတို့ပါတီရဲ့ အွန်လိုင်း အသုံးပြုမှုဟာ ဥပဒေဘောင်ထဲမှာပဲ ရှိနေတယ်လို့ ပြောပါတယ်။


“ကျနော်တို့က ပါတီအသစ်လည်းဖြစ်တယ်၊ ပါတီငယ်လည်း ဖြစ်တာကြောင့် လူသိအောင် မိတ်ဆက်နေ ရတာဖြစ်တယ်။ ကိုယ်စားလှယ်လောင်း မိတ်ဆက်တာတွေနဲ့ ပါတီလှုပ်ရှားမှုတွေကို အွန်လိုင်းမှာ မကြေညာရ ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က မတားမြစ်ထားဘူး။ အဲဒီတော့ သတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ ပါတီရဲ့မူဝါဒတွေ၊ မိတ်ဆက်တာတွေကို အွန်လိုင်းမှာ တင်နေတာ။”


အွန်လိုင်းအသုံးပြုပြီး မဲဆွယ်စည်းရုံးမှုတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေထဲမှာ ကန့်သတ် ထားတာ မရှိပေမယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေထဲမှာတော့ ဒစ်ဂျစ်တယ်ကြော်ငြာနဲ့ အခပေးမဲဆွယ်ကြော်ငြာအပါအဝင် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှု အသုံးစရိတ်တွေကို ပွင့်လင်းမြင်သာစွာ ကြေညာဖို့၊ အွန်လိုင်းကနေ မဲဆွယ်ရာမှာ စစ်မှန်တဲ့အကောင့်တွေကိုသာ အသုံးပြုပြီး ရုပ်သံ လိုင်းတွေ အကောင့်တွေ ဝဘ်ဆိုက်တွေနဲ့ အခြားနည်းလမ်း အားလုံးရဲ့ စာရင်းကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့ ကျင့်ဝတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ပေးပို့ဖို့တို့ ပါဝင်ပါတယ်။


မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာသုံးစွဲသူ ပျမ်းမျှအားဖြင့် ၂၂ သန်းကျော် ရှိပြီး အများစုကတော့  Facebook ကို အဓိကထား အသုံးပြုကြနေတာဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုမှု မြင့်တက်လာတဲ့ မြန်မာနိုင်ငံမှာ ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးတွေ၊ ငွေကြေးအကုန်အကျခံ ကြော်ငြာတာတွေဟာ ရွေးကောက် ပွဲကာလမှာ မဖြစ်မနေ ရှိလာနေပါပြီ။ ဒါကြောင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေမှာ ဆိုရှယ်မီဒီယာ အသုံးပြု မှုတွေကို ထိန်းချုပ်နိုင်အောင် ကော်မရှင်ဘက်က ပြင်ဆင်သင့်နေပြီလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။  


“နိုင်ငံရဲ့ ရွေးကောက်ပွဲတည်ဆဲဥပဒေ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တိုင်းဒေသကြီး ဥပဒေတွေ မှာပါရှိတဲ့ ဥပဒေ နည်းဥပဒေ လုပ်ငန်းလမ်းညွှန်တွေမှာက ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်ကကိစ္စတွေကို အရေးယူမှုနဲ့ ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းစဉ်းစားထားခြင်းမရှိဘူး။ မရှိသလောက်ကိုနည်းပါးတယ်။ ဆိုရှယ် မီဒီယာပလက်ဖောင်းမှာ လုပ်နေတာတွေကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုလုပ်ငန်းလမ်းစဉ်နဲ့ ထိန်းကျောင်းမလဲဆိုတဲ့ လုပ်ငန်းလမ်းညွှန်ကိုမတွေ့ဘူး။ ဥပဒေအထဲမှာတော့မပါဘူး။ များသောအားဖြင့် ဥပဒေအထဲမှာမပါတဲ့အကြောင်းကိစ္စတွေဆိုရင် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တွေထုတ်ပြီးတော့ ထိန်းချုပ်ဆောင်ရွက်လေ့ရှိတယ်။ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်နေလဲ ဆိုတာကိုတော့ ကျွန်မတို့မသိရဘူး။"


ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု (မြန်မာ) အဖွဲ့က ဒေါ်ရွှေရည်ဝင်း ပြောသွားတာပါ။


ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ မဲဆွယ်စည်းရုံးခွင့်ကာလဟာ ရွေးကောက်ပွဲ မကျင်းပခင် ရက်ပေါင်း ၆၀ ဖြစ်လို့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လာမယ့် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ မဲဆွယ်စည်းရုံးခွင့်ရမှာပါ။ လက်ရှိ အချိန်အထိတော့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မကြေညာသေးပါဘူး


။ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ လာမယ့် စက်တင်ဘာ ၈ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ မဲဆွယ်စည်းရုံးဟောပြောခွင့်ရှိပါတယ်။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၁၇ ရက်နေ့ နောက်ပိုင်းမှာမှ သတ်မှတ်ချက်အရည်အချင်း တွေနဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို အတည်ပြုထုတ်ပြန်မှာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/ayeyarwaddy-commission-warns-candidates-facebook-campaign-08112020063143.html

ရွေးကောက်ပွဲဝင်လိုသူတချို့ အွန်လိုင်းကနေ မဲဆွယ်နေတယ်လို့ ပုသိမ်ခရိုင်ကော်မရှင်ပြော  ရွေးကောက်ပွဲဝင်လိုသူတချို့ အွန်လိုင်းကနေ မဲဆွယ်နေတယ်လို့ ပုသိမ်ခရိုင်ကော်မရှင်ပြော Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.