ဘယ်လာရုစ်မှာ ဆန္ဒပြသူ ဒုတိယတစ်ဦး သေဆုံး

ရဲအဖွဲ့ဟာ အင်အားအလွန်အကျွံအသုံးပြုတယ်လို့ ကုလသမဂ္ဂက အပြစ်တင်ပြောဆို


ဘယ်လာရုစ်မှာ ဆန္ဒပြသူတယောက်ဟာ ရဲက ဖမ်းဆီးထိန်းသိမ်းထားစဥ် ရဲလက်ထဲမှာ သေဆုံးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကြီးကြီးမားမားဖြစ်ပွားပြီး ရဲက ဖမ်းဆီးနှိမ်နင်းမှုတွေရှိခဲ့ရာမှာ သူဟာ ဒုတိယမြောက်သေဆုံးသူဖြစ်ပါတယ်။


ပြီးခဲ့တဲ့ တနင်္ဂနွေ သြဂုတ်လ ၉ ရက်နေ့က ဘယ်လာရုစ်မှာ သမ္မတရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ရာမှာ မသမာမှုတွေရှိတယ်ဆိုပြီး လူအများက အုံကြွ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။


ဂို့မဲမြို့မှာ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ အဲဒီလူ သေဆုံးခဲ့ရခြင်းရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


သူ့မှာ နှလုံးရောဂါအခံရှိပြီး ရဲအချုပ်ကားထဲမှာ နာရီပေါင်းများစွာ အထိန်းသိမ်းခံခဲ့ရတယ်လို့ သေဆုံးသူရဲ့မိခင်ကဆိုပါတယ်။


ဘရက်စ်မြို့မှာတော့ ဆန္ဒပြသူတွေကို ရဲက ကျည်ဆံအစစ်အသုံးပြု ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက တိုက်ခိုက်လို့ ကျည်အစစ်သုံးတာလို့ ရဲက ဆိုပါတယ်။


ရဲအဖွဲ့ဟာ အင်အားအလွန်အကျွံအသုံးပြုနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ်ချဲဘက်ချ်လက်က ဆိုပါတယ်။ ရဲအဖွဲ့ဟာ ဆန္ဒပြသူတွေကို ရော်ဘာကျည်ဆံနဲ့ပစ်ခတ်တာ၊ ရေအားပြင်းပိုက်နဲ့ထိုးပြီးလူစုခွဲတာ၊ အသံဗုံးနဲ့ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။


“ပြီးခဲ့တဲ့ ၃ ရက် အတွင်းမှာ ဘေးကရပ်ကြည့်သူတွေ၊ အသက် ၁၈ နှစ်မပြည့်သေးသူတွေ အပါအဝင် လူပေါင်း ၆၀၀၀ ကျော်နီးပါးကို ဖမ်းဆီးထားတယ်လို့ သတင်းအရ သိရှိရပါတယ် လူအမြောက်အမြား သိမ်းကျုံးဖမ်းဆီးခြင်းဟာ နိုင်ငံတကာ လူ့အခွင့်အရေးကို ချိုးဖောက်တာ အထင်အရှားပဲဖြစ်ပါတယ်”လို့ မစ်ချဲဘက်ချ်လက်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


ဖမ်းဆီးထိန်းသိမ်းထားစဥ် ဆိုးဆိုးဝါးဝါးပြုမူပုံတွေဟာ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စရာပါလို့လည်း ဖြည့်စွက်ရေးသားထားပြီး ဥပဒေမဲ့ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။


အညိုအမည်းစွဲနေတဲ့ ဖမ်းဆီထိန်းသိမ်းထားသူတွေကို တန်းစီထားပြီး သူတို့ကို တော်လှန်ရေး ဆက်လုပ်ဦးမှာလားလို့ မေးခွန်းထုတ်နေပုံကို အစိုးရရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။


အနည်းဆုံးဆန္ဒပြသူလူ ၂၀၀ ဒဏ်ရာရခဲ့ပါတယ်။ တချို့ဒဏ်ရာတွေက ဆိုးပါတယ်။


အင်္ဂါနေ့ညနေက ဘီဘီစီ သတင်းသမားတယောက်လည်း အတိုက်ခိုက် ခံခဲ့ရပါတယ်။

ဘယ်လာရုစ် ဆန္ဒပြပွဲမှာ အမျိုးသမီးအများအပြား ပါဝင်


တနင်္လာနေ့က ဘယ်လာရုစ်မြို့တော် မင့်စ်က ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတယောက် သေဆုံးခဲ့ပါတယ်။ ဘယ်လာရုစ်ပြည်ထဲရေး ဝန်ကြီးက ဆန္ဒပြသူဟာ သူ့လက်ထဲက ပေါက်ကွဲပစ္စည်း ပေါက်သွားလို့ သေတာဖြစ်မယ်လို့ စွပ်စွဲပြောဆိုပါတယ်။


ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြသူတွေက မြို့တော်မင့်စ်နဲ့ တခြားမြို့တွေအတွင်း ဆက်လက်ဆန္ဒပြခဲ့ရာမှာ ရဲအဖွဲ့ရဲ့ နှိမ်နင်းတိုက်ခိုက်မှုတွေ ပိုဖြစ်လာခဲ့ပါတယ်။ လမ်းပေါ်ထွက်လာတဲ့ ဆန္ဒပြသူတွေရဲ့ အရေအတွက်ကတော့ အရင်ညတွေထက် နည်းသွားပါတယ်။


၁၉၉၆ ခုနှစ်ကတည်းက ၂၆ နှစ်တာ အာဏာရယူထားတဲ့ ဘယ်လာရုစ် ခေါင်းဆောင် အလက်ဇန္ဒားလူကာရှန်ကိုက တနင်္ဂနွေရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ကြေညာခဲ့ပြီးနောက် လူထုက ပေါက်ကွဲ ဆန္ဒပြခဲ့ကြတာပါ။ ရွေးကောက်ပွဲဟာ လွတ်လပ်မှုလည်းမရှိ၊ မျှတမှုလည်း မရှိဘူးလို့ ဥရောပသမဂ္ဂက ရှုတ်ချပြောဆိုပါတယ်။


အဓိကအတိုက်အခံ ဆဗက်တလာနာ တီခါနော့ဗ်စကားယားဟာ ရွေးကောက်ပွဲအပြီး လစ်သူယေးနီးယားနိုင်ငံကို ထွက်ပြေးမသွားခင် ခဏ အထိန်းသိမ်း ခံခဲ့ရပါတယ်။

ဂို့မဲမှာသေဆုံးတဲ့ ဆန္ဒပြသူအကြောင်း


အသက် ၂၅ နှစ်အရွယ်ဆန္ဒပြသူဟာ ဂို့မဲမြို့မှာ သေဆုံးခဲ့ကြောင်း စုံစမ်းရေးကော်မတီအစီရင်ခံစာကို ကိုးကားပြီး ဘဲလ်တာ သတင်းဌာနက ပြောဆိုပါတယ်။


သူ့ကို တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ တရားမဝင်ဆန္ဒပြမှုနဲ့ ထောင်ဒဏ် ၁၀ ရက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ သူမကျန်းမမာ ဖြစ်လာချိန်မှာ ဆေးရုံပို့ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ကော်မတီက ဆိုပါတယ်။ ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပါတယ်။


သေဆုံးသူရဲ့ မိခင်ကတော့ သူ့သားဟာ ဆန္ဒပြပွဲတွေမှာ ပါတောင်မပါခဲ့ဘဲ သူ့ရည်းစားကောင်မလေးကို တွေ့ဖို့ အသွားမှာ အဖမ်းခံခဲ့ရတာလို့ ရေဒီယိုဖရီးယူရုပ်ကိုပြောခဲ့ပါတယ်။

နိုင်ငံတကာ တုံ့ပြန်မှုများ


ရွေးကောက်ပွဲ အရာရှိတွေရဲ့ ကြေညာချက်တွေ အရ သမ္မတ လူကာရှန်ကိုဟာ မဲအရေအတွက် ၈၀ ရာနှုန်းနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ မဲမသမာမှုရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုတွေ ရှိပါတယ်။


ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဆက်ဖ်ဘော်ရယ်က ဘယ်လာရုစ်ပြည်သူတွေဟာ ဒီမိုကရေစီပြောင်းလဲဖို့ လိုလားတဲ့ ဆန္ဒကို ရွေးကောက်ပွဲနည်းနဲ့ ထုတ်ဖော်ပြသခဲ့တာလို့ ဆိုပါတယ်။


ဘယ်လာရုစ်ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ရေးအတွက် သောကြာနေ့မှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးလုပ်မယ်လို့ ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုပါတယ်။


ဆန္ဒပြသူတွေကို ဘယ်လာရုစ် အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းနေတာ ရပ်တန့်ရေး၊ ဖမ်းဆီးဆန္ဒပြသူတွေ ပြန်လွှတ်ပေးရေး၊ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ အမျိုးသားကောင်စီဖွဲ့စည်းရေးတို့ အတွက် လစ်သူယေးနီးယား၊ ပိုလန်၊ လတ်ဗီယားတို့က ကြားဝင်ညှိနှိုင်းခဲ့ကြပါတယ်။ အဲဒါတွေမလုပ်ရင် တခြားရွေးချယ်စရာဟာ ပိတ်ဆို့ အရေးယူမှုသာ ဖြစ်လိမ့်မယ်လို့ သူတို့က သတိပေးပြောကြားထားပါတယ်။

ဘယ်လာရုစ်ကို ၂၆ နှစ်ကြာအုပ်ချုပ်လာခဲ့တဲ့ သမ္မတ အလက်ဇန္ဒားလူကာရှန်ကို


မဲပေးပွဲဟာ မလွတ်လပ်၊ မမျှတဘူးဆိုတဲ့ အချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက သဘောတူပါတယ်။ ပြည်သူတွေကို သူတို့တောင်းဆိုနေတဲ့ လွတ်လပ်မှုတွေ ပေးသင့်တယ်လို့လည်း သူကဆိုပါတယ်။


ဘယ်လာရုစ် သမ္မတ မစ္စတာ လူကာရှန်ကိုက အတိုက်အခံတွေနဲ့ ရုရှားနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြောဆိုခဲ့ပေမယ့် ရုရှားသမ္မတဗလာဒီမီယာ ပူတင်က စောစောပိုင်း မစ္စတာ လူကာရှန်ကို မဲနိုင်တယ်လို့ ကြေညာစဥ်က ချီးကျူးဂုဏ်ပြုစကား ပြောခဲ့ပါတယ်။


တရုတ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ မိုဒိုဗာ၊ အဇာဘိုင်ဂျန်တို့က ထောက်ခံကြောင်းပြောဆိုခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဘာဖြစ်သွားသလဲ


အတိုက်အခံခေါင်းဆောင် မစ္စတီခါနော့ဗ်စကားယားဟာ အသက် ၃၇ နှစ် အရွယ်ရှိတဲ့ အမျိုးသမီးတယောက်ပါ။


သူဟာ မဲ ၁၀ ရာနှုန်းပဲရတယ်လို့ ရွေးကောက်ပွဲ ကော်မတီက တနင်္လာနေ့က ကြေညာခဲ့ချိန်မှာ မဲရလဒ်ကို သူက စောဒကတက်ခဲ့ပြီး ၇ နာရီကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။


အင်္ဂါနေ့မနက်မှာတော့ သူဟာ လစ်သူယေးနီးယားကို ရောက်သွားပါတယ်။ တီခါနော့ဗ်စကားယားဟာ သမ္မတလောင်း ရွေးကောက်ပွဲ ဝင်မပြိုင်ခင်မထိ အိမ်အလုပ်လုပ်ပဲတဲ့ မိခင်တယောက်ပါ။ သူ့ခင်ပွန်းကို ဖမ်းဆီးပြီး မဲစာရင်းမှာ မှတ်ပုံတင်ခွင့် ပိတ်ပင်ခဲ့တဲ့နောက်မှာ သူဟာ သမ္မတလောင်းအဖြစ် အရွေးခံခဲ့တာ ဖြစ်ပါတယ်။


သူဟာအတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ အမျိုးသမီး ၃ ယောက်အနက် တယောက်ဖြစ်ပါတယ်။ ဗယ်ရိုနီကာ ဆက်ကလိုက မဲပေးတဲ့ နေ့မှာပဲ ဘယ်လာရုစ်က ထွက်ပြေးသွားပါတယ်။ မာရီယာကိုလက်စနီကိုဗာကတော့ ဘယ်လာရုစ်မှာ ရှိနေပါသေးတယ်။


အတိုက်အခံခေါင်းဆောင် တီခါနော့ဗ်စကားယားဟာ အာဏာပိုင်တွေရဲ့ အစောင့်အရှောက်နဲ့ နိုင်ငံတွင်းက ထွက်ခွာသွားတာလို့ သူနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ သူ့ရဲ့ မဲဆွယ်ပွဲ မန်နေဂျာကို လွှတ်ပေးဖို့ အစိုးရနဲ့ အပေးအယူလုပ်ပြီး ထွက်သွားတာလို့ ဆိုပါတယ်။


နောက်ပိုင်းမှာ သူအဖမ်းခံထားရစဥ်ရိုက်ကူးခဲ့ပုံရတဲ့ ဒုတိယဗီဒီယို ထွက်လာပါတယ်။ အဲဒီဗီဒီယိုထဲမှာ သူဟာ ခေါင်းငုံ့ထားရင်း ရေးထားတဲ့ စာသားကို တုန်လှုပ်စွာနဲ့ ဖတ်ပြီး သူ့ကို ထောက်ခံသူတွေကို ဥပဒေလိုက်နာကြဖို့ လမ်းပေါ်ဆန္ဒပြပွဲတွေမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။


တနင်္ဂနွေရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လူထုဟာ အတိုက်အခံမဲဆွယ်ပွဲတွေမှာ စုဝေးခဲ့ကြပါတယ်။ ဘယ်လာရုစ်ပြည်သူတွေဟာ လူကာရှန်ကိုအစိုးရအဖွဲ့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်ပုံ အပေါ်မှာ ဒေါသထွက်ခဲ့ကြပါတယ်။


သမ္မတလူကာရှန်ကိုက ကပ်ရောဂါကိုအထင်သေးပေါ့ဆခဲ့ပါတယ်။ လူတွေဗော့ဒကာ အရက်သောက်ပြီး ရေနွေးငွေ့ခန်းမှာ ထိုင်ပေးကြဖို့ အကြံပေးခဲ့သူဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-53770443

ဘယ်လာရုစ်မှာ ဆန္ဒပြသူ ဒုတိယတစ်ဦး သေဆုံး  ဘယ်လာရုစ်မှာ ဆန္ဒပြသူ ဒုတိယတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.