ခေါင်းလျှော်ရတာ အဆင်မပြေတဲ့ သမ္မတထရမ့်ကြောင့် ရေပန်းခေါင်း ဥပဒေ ပြန်ပြင်ဖို့ ပြင်ဆင်

 

ခေါင်းလျှော်ရတာ အဆင်မပြေဘူးလို့ သမ္မတ ထရမ့်က မကျေမနပ် ထုတ်ပြောခဲ့အပြီး ရေပန်းကနေ ရေထွက်မြန်လာအောင် ရေပန်းခေါင်း ဥပဒေတစ်ခုကို အမေရိကန်နိုင်ငံမှာ ပြင်ဆင် သတ်မှတ်ပေးဖို့ အစိုးရက အဆိုပြုလိုက်ပါတယ်။


၁၉၉၂ ခုနှစ် ဥပဒေအရ အမေရိကန်နိုင်ငံမှာ ရေပန်းတွေကနေ တစ်မိနစ်ကို ရေ နှစ်ဂါလန်ခွဲထက် ပိုပန်းထုတ်ခွင့် ပြုမထားပါဘူး။


အခု ဒီကန့်သတ်ချက်ကို ရေပန်းစနစ်တစ်ခုလုံးကို ခြုံသတ်မှတ်မယ့်အစား ရေပန်းခေါင်းက တစ်ခုစီအတွက်ပဲ ပြင်ဆင် သတ်မှတ်ပေးဖို့ သမ္မတထရမ့် အစိုးရက အဆိုပြုလိုက်တာပါ။


စားသုံးသူများနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ ဒါဟာ အလဟဿ ဖြုန်းတီးရာ ရောက်ပြီး မလိုအပ်ဘူးလို့ ကန့်ကွက် ပြောဆိုနေပါတယ်။


ခေါင်းလျှော်ရတာ အဆင်မပြေတဲ့အကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့လတုန်းက အိမ်ဖြူတော်မှာ မကျေမနပ် ထုတ်ပြောခဲ့အပြီး အခု ဗုဒ္ဓဟူးနေ့မှာပဲ စွမ်းအင်ဝန်ကြီဌာနက ဥပဒေ ပြင်ဆင်ပေးဖို့ အဆိုပြုခဲ့တာပါ။


"ရေပန်းခေါင်းတွေအကြောင်း ပြောရရင် ရေပန်းနဲ့ ရေချိုးတဲ့အခါ ရေက ထွက်မလာဘူး။ လက်ဆေးဖို့ လုပ်တယ်၊ ရေက ထွက်မလာဘူး။ ဒီတော့ ဘာလုပ်ရလဲ။ ရေအကြာကြီး ချိုးရတယ်။ ခင်ဗျားတို့တော့ ဘယ်လိုနေလဲ မသိဘူး။ ကျွန်တော်ကတော့ ကျွန်တော့်ဆံပင် ပုံစံကျ ကြည့်ကောင်းဖို့ လိုတယ်" လို့ သမ္မတထရမ့်က ပြောခဲ့တာပါ။


စွမ်းအင် ထိန်းသိမ်းရေးအုပ်စု တစ်ခု ဖြစ်တဲ့ Appliance Standards Awareness Project စီမံကိန်း အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အင်ဒရူး ဒလက်စ်ကီ ကတော့ ဒီအဆိုပြုချက်ဟာ အဓိပ္ပါယ်မရှိတဲ့ အဆိုပြုချက်တစ်ခုပဲ လို့ ပြောပါတယ်။


"ရေပန်းပေါက် ၄၊ ၅၊ ၆ ခုလောက် ပိုသုံးလိုက်ရင် တစ်မိနစ်ကို ရေ ၁၀ ဂါလန်၊ ၁၅ ဂါလန် ကုန်နိုင်ပါတယ်။ ပြောရရင် ရေတစ်ခါချိုးရုံနဲ့တင် ရေအဲဒီလောက် ကုန်နိုင်ပါတယ်" လို့ သူက AP သတင်းဌာနကို ပြောပါတယ်။


"တကယ်လို့ သမ္မတကြီး ရေပန်းကောင်းကောင်း လိုချင်တယ်ဆိုရင် ရေအားကောင်းတဲ့ ရေပန်းခေါင်းကောင်းကောင်းတွေ ဝယ်နိုင်တဲ့ ဝက်ဆိုက်ကောင်း တချို့ ကျွန်တော်တို့ ညွှန်ပေးနိုင်ပါတယ်" လို့လည်း သူက ပြောသွားပါတယ်။


စားသုံးသူတွေအရေး ဆောင်ရွက်ပေးနေတဲ့ Consumer Reports အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ ဒေးဗစ် ဖရီးမန်းကလည်း အမေရိကန်က ရေပန်းခေါင်းတွေဟာ ပိုက်ဆံ သက်သာပြီး သုံးစွဲသူတွေရဲ့ ကျေနပ်မှုကို အပြည့်အဝ ရထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။


ဒီအဆိုပြုချက်ကို ရှေ့တိုး လုပ်မယ်ဆိုရင်တော့ တရားရုံးမှာ ဥပဒေကြောင်းအရ တရားရင်ဆိုင်ရနိုင်ဖွယ် ရှိတယ်လို့ ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53765311

ခေါင်းလျှော်ရတာ အဆင်မပြေတဲ့ သမ္မတထရမ့်ကြောင့် ရေပန်းခေါင်း ဥပဒေ ပြန်ပြင်ဖို့ ပြင်ဆင်  ခေါင်းလျှော်ရတာ အဆင်မပြေတဲ့ သမ္မတထရမ့်ကြောင့် ရေပန်းခေါင်း ဥပဒေ ပြန်ပြင်ဖို့ ပြင်ဆင် Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.