ICJ တရားရင်ဆိုင်မှု ကုန်ကျစရိတ် အသေးစိတ် ထုတ်ပြောလို့မရကြောင်း အစိုးရပြော


အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားရင်ဆိုင်ဖို့အတွက် ငှားရမ်းရတဲ့ ရှေ့နေငှားရမ်းခစရိတ်ကို ကျင့်ဝတ်အရ ထုတ်ဖော်ပြောကြားလို့ မရကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုထားတဲ့ အမှုအတွက် ကျွမ်းကျင်ပညာရှင်တွေ၊ ရှေ့နေ ငှားရမ်းခတွေ၊ ဥပဒေအကြံပေး ငှားရမ်းခတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဖို့ အစီအစဉ် ရှိ၊ မရှိ ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက မေးခွန်းမေးမြန်းခဲ့တဲ့အပေါ် ဝန်ကြီး ဦးကျော်တင်က အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

အိုင်စီဂျေမှာ ရင်ဆိုင်နေရတဲ့ အမှုအတွက် ငှားရမ်းထားတဲ့ နိုင်ငံတကာရှေ့နေကြီးတွေရဲ့ ဝင်ငွေ အခကြေးငွေတွေ၊ အသုံးစရိတ်တွေကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမပြုဖို့ ကျင့်ဝတ်ကို လိုက်နာရန် တာဝန်ရှိပါတယ်လို့ ဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
မေးခွန်းရှင် ဦးမောင်သင်းကတော့ ကျင့်ဝတ်အရဆိုပေမယ့်လည်း  ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲတာဖြစ်လို့ ဘယ်လောက်သုံးတယ်ဆိုတာကို ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိသင့်တဲ့အတွက် အသုံးစရိတ်ကို ပွင့်လင်းမြင်သာစွာ ဘယ်အချိန်မှာ ရှင်းလင်းနိုင်မလဲဆိုပြီး ဆက်စပ်မေးခွန်း ထပ်ပြီး မေးခဲ့ပါတယ်။

ဝန်ကြီး ဦးကျော်တင်ကတော့ ကျင့်ဝတ်အရ အသေးစိတ် ထုတ်ဖော်မပြောပေမယ့်လည်း အိုင်စီဂျေမှာ တရားရင်ဆိုင်လို့ ကုန်ကျတဲ့ အသုံးစရိတ်ရှင်းတမ်း၊ ခရီးစရိတ်ကုန်ကျငွေ ရှေ့နေခ အသုံးစရိတ်အပါအဝင် စတဲ့အသေးစိတ် ရှင်းတမ်းတွေကိုတော့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့အညီ သုံးစွဲမှု ရှိ၊ မရှိ မှန်ကန်မှု ရှိ၊ မရှိ တွေကို စာရင်းစစ်အဖွဲ့မှာ စစ်ဆေးခံသွားမှာဖြစ်လို့ ပြည်သူ့လွှတ်တော်မှာ သီးခြားရှင်းလင်းတင်ပြဖို့ အစီအစဉ်မရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် အိုင်စီဂျေမှာ တရားရင်ဆိုင်တဲ့ ကိစ္စဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွား ၊ နိုင်ငံတော်ရဲ့ ပုံရိပ်နဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ် စဖြစ်တဲ့အတွက် တရားရင်ဆိုင်ရာမှာ ကုန်ကျတဲ့ ကျွမ်းကျင်ပညာရှင်ရှေ့နေ ငှားရမ်းခ၊ ဥပဒေအကြံပေး ငှားရမ်းခစတဲ့ အသုံးစရိတ်တွေဟာ နိုင်ငံတော်ဘဏ္ဍာကနေ ကျခံသုံးစွဲခွင့်ရှိတဲ့ ကိစ္စဖြစ်ကြောင်းလည်းသူက ဆိုပါတယ်။

ဒီအသုံးစရိတ်တွေကို သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေကို အဆင့်ဆင့် တင်ပြစိစစ်ပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က စိစစ်အတည်ပြုခွင့်ပြုခဲ့တဲ့ အသုံးစရိတ်တွေ ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတာကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၆၈၀ ကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေအဖြစ် ခွင့်ပြုပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းခံခဲ့ပါတယ်။

အဲဒီလို တောင်းခံစဉ်ကလည်း ဒီတောင်းခံမှုဟာ ဥပဒေနဲ့ ညီရဲ့လားလို့ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့သလို ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်တွေကို အသေးစိတ် ရှင်းလင်းပေးဖို့ အစီအစဉ် ရှိ၊ မရှိ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးခွန်း မေးမြန်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ICJ တရားရင်ဆိုင်မှု ကုန်ကျစရိတ် အသေးစိတ် ထုတ်ပြောလို့မရကြောင်း အစိုးရပြော ICJ တရားရင်ဆိုင်မှု ကုန်ကျစရိတ် အသေးစိတ် ထုတ်ပြောလို့မရကြောင်း အစိုးရပြော Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.