ပါတီအားလုံး မဲဆွယ်စည်းရုံးရေး တန်းတူအခွင့်အရေးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ပြော


၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ဖို့  လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အတည်ပြု ကြေညာပြီးရင် ပါတီအားလုံး တန်းတူရမှာဖြစ်ပြီး လက်ရှိ အာဏာရပါတီ ခေါင်းဆောင်တွေက အခွင့်အရေး ပိုရနေတယ်ဆိုတာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောခဲ့တာဖြစ်ပါတယ်။
အစိုးရအဖွဲ့ဝင် အာဏာရပါတီ ခေါင်းဆောင်တွေ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြီးမှသာ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေ ဆောင်ရွက်ခွင့်ရတာဖြစ်ပြီး မဲဆွယ်စည်းရုံးရေးလုပ်နိုင်တဲ့ နေ့ရက်ကိုတော့ ကော်မရှင်ဘက်က ထပ်မံကြေညာမယ်လို့ ပြောပါတယ်။

အစိုးရ အဖွဲ့ဝင်တွေ ပါတီလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေအပေါ် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အခုလိုပဲ ကြေညာချက်ထုတ်ခဲ့ကြောင်း၊ ကြေညာချက်မှာပါဝင်တဲ့ စကားလုံးတွေက အစ တူညီပြီး ဒါဟာ ဖွဲ့စည်းပုံမှာပါဝင်တဲ့ ၃၈ (က) မှာ ပြဌာန်းချက်အရ ကြေညာချက်ထုတ်တာဖြစ်တယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲ လေးသောင်းကျော်လောက် ခန့်ထားဖို့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပါတီတစ်ခု အနိုင်ရရေးကို ဦးတည်ပြီး လုပ်နေတာမဟုတ်ဘဲ ပြည်သူ့ဆန္ဒ အမှန်ကိုဖော်ထုတ်ပေးဖို့နဲ့ ပြည်သူ့ဆန္ဒနဲ့ မဲရလာဒ် တစ်ထပ်တည်း ဖြစ်စေဖို့ဆောင်ရွက်မှာကို အာမခံတယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပါတီအားလုံး မဲဆွယ်စည်းရုံးရေး တန်းတူအခွင့်အရေးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ပြော ပါတီအားလုံး မဲဆွယ်စည်းရုံးရေး တန်းတူအခွင့်အရေးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ပြော Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.