ဘိုကလေးမြို့နယ်တွင် အမျိုးသားတစ်ဦး ချောင်းအတွင်း ရေချိုးဆင်းရာမှ မိချောင်းကိုက်ခံရ


ဘိုကလေး ဇူလိုင် ၁၅

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာ အုပ်စု၊ ဘောဂဝတီချောင်း ကျေးရွာနေသူ အမျိုးသားတစ်ဦး ဇူလိုင်(၁၄)ရက် ညနေ (၆)နာရီခန့်က ချောင်းအတွင်း ရေချိုးဆင်းရာမှ မိချောင်းကိုက်ခံရကြောင်း သိရသည်။

 မိချောင်းဆွဲခံရသူမှာ ဘောဂဝတီချောင်း ကျေးရွာနေသူ  ကိုမျိုးဇော်၊( ၃၃နှစ်၊ သဲဖြူချောင်းအတွင်း ရေချိုးဆင်းစဉ် မိချောင်းကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 မိချောင်းကိုက်ခံရခြင်းကြောင့် ကိုမျိုးဇော်မှာ ယာဘက် ခြေသလုံးတွင်(၃)လက်မခန့်ရှိ ပေါက်ပြဲဒဏ်ရာ(၃)ချက်၊ ယာဘက် ဒူးခေါင်းအောက်(၂)လက်မခန့် စုတ်ပြဲဒဏ်ရာ (၁)ချက်၊ ယာဘက် ခြေကျင်းဝတ်(၂)လက်မခန့် စုပ်ပြဲဒဏ်ရာ (၁)ချက်၊ဝဲဘက်ဖနောင့် (၁)လက်မခန့် စုတ်ပြဲဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး ယခုအခါ ကဒုံကနိ တိုက်နယ်ဆေးရုံတွင် ဆေးကုသခံလျက်ရှိသည်။

 ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတိုနှင့် ဆက်စပ်ရာ သဘာဝ ဒီရေတောများသည် ရေချိုရေငံစပ် မိချောင်းများ မျိုးပွားခိုလှုံရာ ဒေသများဖြစ်သည့်အတွက် အဆိုပါဒေသအတွင်းရှိ မိချောင်းများ အနေဖြင့် ဧပြီလမှ ဇွန်လအထိ မိတ်လိုက်ပြီး ဇွန်လမှ ဩဂုတ်လအထိ အသိုက်ပြုလေ့ရှိကြောင်း၊ ၎င်းတို့၏ သဘာဝအမူအကျင့်အရ သော်လည်းကောင်း၊ မိခင်စိတ်ကြောင့် သော်လည်းကောင်း၊ အစာအာဟာရ ကြောင့်သော်လည်းကောင်း ယခုအချိန်တွင် လူနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် မိချောင်း အန္တရာယ်ရှိနေကြောင်း သိရပြီး ယခုနှစ် ဇွန်လ(၂၉)ရက်တွင်လည်း ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာတွင် မြစ်ဆိပ်၌ ရေချိုးနေသည့် ကလေးတစ်ဦး မိချောင်းကိုက်ခံခဲ့ရကြောင်းလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မိုးစက်(ဘိုကလေး) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘိုကလေးမြို့နယ်တွင် အမျိုးသားတစ်ဦး ချောင်းအတွင်း ရေချိုးဆင်းရာမှ မိချောင်းကိုက်ခံရ ဘိုကလေးမြို့နယ်တွင် အမျိုးသားတစ်ဦး ချောင်းအတွင်း ရေချိုးဆင်းရာမှ မိချောင်းကိုက်ခံရ Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.