မလေးရှားမှာ အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၉ ဦးရှိပြီ


မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှု ကန့်သတ်ထားချိန်မှာ နောက်ထပ် မြန်မာနိုင်ငံသားတဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းကိုပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ အဖြစ်တွေနဲ့ ကြံုနေရပြီး အခုနောက်ထပ်တယောက် တိုးလာတဲ့အတွက် ၉ ယောက်အထိ ရှိသွားပါပြီ။ အခုနောက်ဆုံး အဆုံးစီရင်သွားသူနဲ့ ပတ်သက်လို့ မလေးရှားအခြေစိုက် နာရေးအကူအညီပေးရေးအဖွဲ့ကာယကံမေတ္တာရှင်ပရဟိတအသင်း ဥက္ကဌ ဦးထွန်းထွန်းက အခုလိုပြောပြပါတယ်။

"Perak ပဲရပ်ပြည်နယ် Tiping တိုင်ပင်းမြို့နယ်မှာဖြစ်တာ အလုပ်ထဲမှာပဲဖြစ်တာ ကြိုးဆွဲချသေးတာ သူတို့အားလုံးက တရားမဝင်အလုပ်သမားတွေပဲ အလုပ်ကတော့ ရှိတယ်။ ကိုဗစ်ပြီးမှ အလုပ်က အခုမှ ပြန်စရတာ တပတ်မှာ ၃ ရက် ၄ ရက်လုပ်ရတာ ၂ ရက်လုပ်ရတာတွေ ရှိတယ်။ သူတို့မှာလည်း စိတ်ဖိစီးမူတွေကြောင့် ဖြစ်လာတာပဲ ဘယ်လိုပြောရမလဲ စိတ်ညစ်တဲ့ အပိုင်းလေးတွေလည်း ရှိမှာပေါ့။"

အခုနောက်ဆုံး အဆုံးစီရင်သွားသူဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ အဆုံးစီရင်သွားသူဖြစ်ပြီး အသက် ၂၀ ကျော်အရွယ် မြန်မာနိုင်ငံ မကွေးတိုင်းကလို့လည်း ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၅၅၀,၀၀၀ ကျော်လောက် အလုပ်လုပ်ကိုင်နေပြီး တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် မရှိသူ ၂၅၀,၀၀၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကပ်ရောဂါကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ လုပ်ငန်းတွေ တော်တော်များများ ရပ်နားထားရတဲ့အတွက် မြန်မာအလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်နေရသလို တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုတွေနဲ့လည်း ရင်ဆိုင်နေရချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေလည်း ထွက်နေတာပါ။

လတ်တလောမှာတော့ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသူ မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်လိုကြောင်း စာရင်းပေးထားသူ ၇,၀၀၀ လောက် ရှိတယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ ကာယကံမေတ္တာရှင်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းက ကတော့ သူတို့ပြည်နယ်ဘက်မှာလည်း နေရပ်ပြန်ချင်သူ အများအပြား ရှိနေတယ်လို့ပြောပါတယ်။

"နေရပ်ပြန်ချင်တဲ့သူ အိပို့မှာ အတော်များတယ် ကျနော်နေတာ Eipoh မှာနေတာ နေ့တိုင်း မေးနေတာ ဘယ်လိုပြန်လို့ရမလဲမေးနေကြတာ ဒီမှာ အိုဗာစတေး သမားတွေကအများကြီးပဲ။"

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတချို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့သူတွေ မျှော်လင့်ချက်မမဲ့စေလိုကြောင်းနဲ့ နေရပ်ပြန်နိုင်အောင် ကူညီဖို့ စီစဉ်နေကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ အခုနောက်ဆုံး မြန်မာနိုင်ငံသားတဦး အဆုံးစီရင်သွားတဲ့ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖြေဆိုသူ မရှိခဲ့ပါဘူး။

မအေးအေးမာ  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/malaysia-sucide/5502113.html
မလေးရှားမှာ အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၉ ဦးရှိပြီ မလေးရှားမှာ အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၉ ဦးရှိပြီ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.