ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ထိုင်းနိုင်ငံက နေရပ်ပြန်တွေကို ကန့်သတ်စောင့်ကြည်လူနာ အဖြစ်ထားတဲ့ Quarantine စင်တာတွေမှာ နေထိုင်သူတွေထဲက ၇၄ ဦးဟာ မနေ့ညက အစာအဆိပ်သင့်ခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇအောင်က ပြောပါတယ်။
အဲဒီထဲက သုံးဦးဟာ ဆေးရုံမှာ တက်ရောက်ကုသနေပြီး ကျန်တဲ့ ၇၁ ဦးကတော့ ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ရတယ်လို့ ဦးတေဇအောင်က ပြောပါတယ်။
မြဝတီမှာရှိတဲ့ Shwe Myawaddy၊ ကျောက်လုံးကြီး၊ ကုန်သွယ်ရေးဇုန်၊ မဲကနယ် စတဲ့ Quarantine စင်တာတွေမှာ ထိုင်းနိုင်ငံကပြန်လာတဲ့ ကန့်သတ်စောင့်ကြည်လူနာ ၁၅၀၀ ခန့်ပုံမှန်ရှိနေပြီး ရာသီဥတု အပြောင်းအလဲနဲ့ သူတို့ကိုကျွေးတဲ့ အစားအစာတွေထဲက အစာအဆိပ်သင့်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဘာကြောင်အစာအဆိပ်သင့်တယ်ဆိုတာသိရဖို့ နမှုနာတွေကို အမျိုးသားဓာတ်ခွဲခန်း NHL ကိုပို့ထားပြီး နှစ်ရက်အတွင်း အဖြေသိရမယ်လို့လည်း ဦးတေဇာအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့မေလ ၁ ရက်နေ့ကနေ ဒီနေ့အထိ မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာသူ ငါးသိန်းဝန်းကျင်ရှိပြီး နေ့စဉ်ပြန်လည်ဝင်ရောက်လာသူတွေကို ပြန်လည်လက်ခံရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
