လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးကိစ္စ သဘောတူညီမှု မရနိုင်သေး

ဇူလိုင် ၂၈ ရက်နေ့က " EAO ကိုယ်စားလှယ်များ + အစိုးရ ကိုယ်စားလှယ်များနှုင့် UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဆွေးနွေးပွဲ '' (ဓါတ်ပုံ- Hla Maung Shwe fb)
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေး ဗုဒ္ဓဟူးနေ့က အဆုံးသတ်ခဲ့ရာမှာ အရေးကြီးတဲ့ အချက်တွေ ဆွေးနွေးဖို့ ကျန်နေတာကြောင့် လာမယ့် စနေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ကိုမိုးဇော်က ရန်ကုန်ကနေ သတင်းပေးပို့တာဖြစ်ပါတယ်။

ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ဆွေးနွေးမယ့် ကိစ္စတွေကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားလှယ်တွေ ၄ ရက်ကြာ ညှိနှိုင်းခဲ့ကြပေမယ့် လက်နက်ကိုင်တပ်တွေ ပေါင်းစည်းရေး အပါအဝင် တခြားအရေးကြီးတဲ့ အပိုင်းတွေ ကျန်နေသေးတဲ့အတွက် ထပ်မံတွေ့ဆုံဖို့ စီစဉ်ခဲ့ကြတာပါ။

ရန်ကုန်မြို့မှာ ဒီလ ၂၅ရက်နေ့က စတင်ဆွေးနွေးခဲ့တဲ့ အထဲမှာတော့ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုရေးအတွက် NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲ နောက်ပိုင်း အဆင့်လိုက်အကောင်အထည်ဖော်မှုနဲ့ ဖက်ဒရယ်အခြေခံမူ လမ်းညွှန်စတဲ့ အပိုင်း၃ပိုင်းနဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီအထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စအပါအဝင် အရေးကြီးတဲ့ အချက်တချို့ ညှိနှိုင်းဖို့ ကျန်နေဆဲဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နိုင်အောင်မငေးက VOA ကို အခုလို ပြောပါတယ်။

“ မူဘောင်ဆိုရင် ၁၃ချက်ရပြီး ၃ချက်ကျန်သေးတယ်။ အဆင့်လိုက်မှာဆိုရင် လုံခြုံရေးဆိုင်ရာ ဇယား ၁ က ခေါင်းစဉ် ၈ခုကို ရပြီးတော့ ဇယား ၂မှာ ဆိုရင် လုံခြံုရေးပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ ခေါင်းစဉ်က နည်းနည်း ကျန်သေးတယ်။ အပိုင်း ၃မှာက ဖက်ဒရယ်တည်ဆောက်ရေးလမ်းညွှန် အခြေခံမူမှာတော့ ကျနော်တို့ ၂ချက် ရပြီးတော့ ဆက်လက် ဆွေးနွေးဖို့ အတွက်က ၆ချက် ကျန်သေးတယ်။ ဒါပေမဲ့ အဲဒီ ၆ချက်ကျန်တာက လည်း တစ်ချက်နဲ့ တစ်ချက် ဆက်စပ်နေတော့ လာမယ့် သြဂုတ်လ ၁ရက်နေ့မှာ နေပြည်တော်မှာ နောက်ဆုံးအစည်းအဝေးပွဲလုပ်မယ်။ အဲလို အစီအစဉ်ရှိပါတယ် ခင်ဗျ။”

လာမယ့် စနေနေ့မှာ နောက်ထပ် ဆွေးနွေးပြီး ရရှိတဲ့အချက်တွေကို နှစ်ဖက်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ခေါင်းဆောင်တွေထံကို တင်ပြဖို့ ရှိနေပြီး အဲဒီနောက်မှာ JICM ခေါ် NCA အကောင်အထည် ဖော်မူဆိုင်ရာ ညှိနှိုင်းအစည်းအဝေး နဲ့ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ စတဲ့အစည်းအဝေးတွေမှာ အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ ရှေ့လထဲ ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံမှာ တိုးတက်မှုတွေ ရမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

“ညီလာခံကိုတော့ သြဂုတ်လထဲမှာပဲ အောင်မြင်စွာကျင်းပဖို့ကိုတော့ အားလုံးက နှစ်ဘက်ပေါ့လေ အစိုးရဘက်ကော၊ EAO ဘက်ကော ရှိသလို နိုင်ငံရေးပါတီဘက်မှာလည်း ရှိတယ်။ ကျနော်တို့ တိုးတက်မှုတွေကတော့ အစည်းအဝေး တစ်ခုပြီးတိုင်းမှာ ရှိတယ်။ တိုးတက်မှုတွေကိုတော့ ထပ်ထပ်ပြီး ဒီထပ်ပိုပြီး အချက်အလက်တွေ ပိုရအောင်၊ သဘောတူညီချက်တွေ ပိုရဖို့တော့ အားလုံးက အာသီသရှိတဲ့အတွက် ညီလာခံကိုကတော့ သြဂုတ်လထဲမှာပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်ခင်ဗျ။”

တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကလည်း ၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဆန္ဒရှိကြောင်း မကြာသေးခင်ကပဲ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။ ညီလာခံကျင်းပတဲ့အခါ NCA စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားဖို့အတွက်လည်း အစိုးရနဲ့ ဆွေးနွေးနေတဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားရေးနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒီနေ့ အစည်းအဝေးမှာတော့ ဖိတ်ကြားမယ့် အထွေထွေကိစ္စကို ဒီနေ့ အစည်းအဝေးမှာ ကျနော်တို့ အနေနဲ့ ပြီးပြတ်အောင်တော့ အတည်မပြုနိုင်သေးဘူး။ နောက်ထပ်ဆွေးနွေးပွဲတွေမှာလည်း ဆက်ပြီး ဆောင်ရွက်ဖို့ ရှိမယ်။ အဲဒီအတည်ပြုချက်တွေအတိုင်းပဲ ဆက်ပြီးတော့ ဖိတ်မှာပါပဲ။ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်ဖို့ လျာထားချက်တွေကတော့ ရှိနေတယ်ပေါ့။ အတည်ပြုချက်တွေတော့ ကျနော်တို့ လိုမယ်ပေါ့။”

လက်ရှိ ကျင်းပပြီးစီးတဲ့ ညှိနှိုင်းအစည်းအဝေးဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ၆ကြိမ်မြောက်ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ သြဂုတ်လ ၁ရက်နေ့မှာ ကျင်းမယ့် ၇ကြိမ်မြောက် ဆွေးနွေးပွဲကိုတော့ နေပြည်တော်မှာ ကျင်းပမှာပါ။

ဒီညှိနှိုင်းဆွေးနွေးပွဲတွေ ပြီးပြတ်ရင်၂နှစ်ကျော် ရပ်ဆိုင်းနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္တအစည်းအဝေးကို ကျင်းပနိုင်မှာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂နှစ်ကျော် ရပ်ဆိုင်းရတာဟာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့အချက်တွေအပေါ်မှာ အကျေအလည် မဆွေးနွေးနိုင်တာကြောင့်လို့လည်း သုံးသပ်တာတွေ ရှိနေတာပါ။

မိုးဇော်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-peace-process-/5522802.html
လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးကိစ္စ သဘောတူညီမှု မရနိုင်သေး လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးကိစ္စ သဘောတူညီမှု မရနိုင်သေး Reviewed by THITHTOOLWIN on 05:37 Rating: 5
Powered by Blogger.