တောင်တရုတ်ပင်လယ်ပြင်က အမေရိကန်ရဲ့ လေယာဉ်သယ်ဆောင်တဲ့ သင်္ဘော |
"အဲဒီနိုင်ငံတွေကို ကျွန်တော်တို့ တတ်နိုင်တဲ့ထောက်ပံ့မှုတွေ ပေးအပ်သွားပါမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာပဲ ဖြစ်ဖြစ်၊ အာဆီယံ အဖွဲ့ မှာပဲဖြစ်ဖြစ်၊ တရားဥပဒေကြောင်းအရပဲ ဖြစ်ဖြစ် နည်းလမ်း အားလုံးကို အသုံးပြုပြီး အားပေးထောက်ခံသွားပါ မယ်" လို့ သတင်းထောက်တွေကို ဝန်ကြီး POMPEO က ပြောပါတယ်။
တနင်္လာနေ့တုန်းကတော့ တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်တို့ ပိုင်ဆိုင်တယ်လို့ ကြေညာတောင်းဆိုထားတာတွေ အားလုံးနီးပါးကို အမေရိကန် ပြည်ထောင်စုက လက်မခံပယ်ချကြောင်းကြေညာခဲ့တာပါ။ အဲဒီ ကြေညာချက်ဟာ တောင်တရုတ်ပင်လယ်ကို တရုတ်တို့ ပိုင်ဆိုင်တယ်လို့ ကြေညာထားတာ လုံးဝ တရား မဝင်ဘူးဆိုပြီး ပထမဆုံးအကြိမ် ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ချက်ချင်းဆိုသလိုပဲ အမေရိကန်ရဲ့ ရပ်တည်ချက်ဟာ ဒေသတွင်း တင်းမာမှုတွေ တိုးစေလိမ့်မယ် ဆိုပြီး ပြန်လည် တုန့်ပြန်ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ထဲ နယ်မြေ ပိုင်ဆိုင်ကြောင်း တရုတ်တို့ရဲ့ တောင်းဆိုချက်ကို အမေရိကန်နိုင်ငံက အစဉ် တစိုက် ဆန့်ကျင်နေခဲ့ တာဖြစ်သလို တောင်တရုတ်ပင်လယ်ထဲ စစ်သင်္ဘောတွေ ပုံမှန် စေလွှတ် ပြီး ပင်လယ်ရေကြောင်း လွတ်လပ်ခွင့်ကို ထိန်းသိမ်းကြောင်း ပြသလေ့ရှိပါတယ်။
စွမ်းအင် အရင်းအမြစ် ကြွယ်ဝတယ်လို့ ယူဆထားတဲ့ တောင်တရုတ်ပင်လယ်ရေပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင် ကြောင်း တရုတ်တို့ တောင်းဆို ကြေညာထားချိန်မှာပဲ ဒေသတွင်းက ဘရူနိုင်းလ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နိုင်ငံ တို့ကလည်း တောင်တရုတ် ပင်လယ်ရဲ့ အစိတ်အပိုင်း တစ်ချို့ကို ပိုင်ဆိုင်ကြောင်း ကြေညာထားတာပါ။
မနေ့ ဗုဒ္ဓဟူးနေ့ကတော့ အမေရိကန်နိုင်ငံရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Le Thi Thu Hang က တောင်တရုတ်ပင်လယ်ကိစ္စမှာ နိုင်ငံတကာ ဥပဒေနဲ့ ကိုက်ညီတဲ့ ဘယ်လို သဘောထား အမြင်မျိုးကို မဆို ကြိုဆိုကြောင်း ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-will-support-the-countries-that-argue-with-china/5504512.html
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့အငြင်းပွားနေတဲ့နိုင်ငံတွေ ကန် ထောက်ခံအားပေးမည်
Reviewed by THITHTOOLWIN
on
20:15
Rating: