ရမ်းဗြဲ စစ်ကြောရေးမှာသေဆုံးသူ အသတ်ခံရတာလို့ မိသားစုဆို


တပ်မတော်ရဲ့ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားခဲ့တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာသား ဦးစိုးမြင့်ထွန်းဟာ အာဏာပိုင်အဖွဲ့အစည်းတွေပြောသလို ကြိုးဆွဲချသေဆုံးသွားတာ မဖြစ်နိုင်ဘဲ အသတ်ခံရပြီးသေဆုံးတာလို့ယူဆတယ်လို့ ဇနီးသည် ဒေါ်လုံးကြည်က ဘီဘီစီကို ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။

၃၇ နှစ်အရွယ် ဦးစိုးမြင့်ထွန်းဟာ တပ်မတော်က ဖမ်းဆီးပြီး မအီရဲစခန်းမှာ စစ်ဆေးနေစဥ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ကြိုးဆွဲချသေဆုံးသွားခဲ့တယ်လို့ ဇူလိုင်လ ၁၅ ရက်နေ့မှာ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူ အပါအဝင် အလယ်ချောင်းကျေးရွာသားခြောက်ဦးကို စစ်ဆေးစရာတွေရှိတဲ့အတွက် တပ်မတော်က ဖမ်းဆီးသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားပါရှိပါတယ်။

အဲဒီ ၆ ဦးကို တောင်ကုတ်မြို့နယ် မအီရဲစခန်းမှာ စစ်ဆေးမှုနေစဉ် ဦးစိုးမြင့်ထွန်းဟာ သူ့ကိုချည်ထားတဲ့ကြိုးကို ဖြည်ပြီး ခေါင်မိုးထုတ်တန်းမှာ ကြိုးဆွဲချသေဆုံးသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလောင်းကို မိသားစုတွေကြည့်တဲ့အခါမှာ လည်ပင်းမှာ ဒဏ်ရာတစ်ချက်၊ ကျောကုန်းမှာ ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ မျက်နှာမှာ ဒဏ်ရာတွေနဲ့ လက်ချောင်းလေးတွေလည်း ကျိုးနေတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံနေရသူ ဦးစိုးမြင့်ထွန်းဟာ သေဆုံးသွားပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ အကြောင်းကြားတဲ့အတွက် မိသားစုတွေ နဲ့အတူ မအီဆေးရုံကိုသွားရောက်ပြီး အလောင်းကိုကိုယ်တိုင် လက်မှတ်ထိုး ထုတ်ယူခဲ့ရတယ်လို့ အလယ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

အဲဒီမတိုင်ခင် ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီခွဲခန့်မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ လူနှစ်ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက မင်းကျောင်းတံတားနားမှာ မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့ရာ ဆိုင်ကယ်နောက်က လိုက်လာသူတစ်ဦးမှာ ဓားမြောင်နှစ်လက်၊ လက်ထိတ်တစ်ခုနဲ့ ဓာတ်ခဲတွေကို သူ့ရဲ့လွယ်အိမ်ထဲမှာတွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးရာမှာ ဆက်စပ်သူတွေအဖြစ် အလယ်ချောင်းကျေးရွာသား ခြောက်ဦးကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ဇူလိုင် ၁၁ ရက်နေ့က တပ်မတော်သားတွေ ကျေးရွာကိုရောက်လာခဲ့ကြပြီး မနက်ပိုင်းမှာ နေအိမ်ကိုလာရောက်ရှာဖွေကာ ဦးစိုးမြင့်ထွန်းနဲ့ ဇနီးသည် ဒေါ်လုံးကြည်တို့နှစ်ဦးကို ဓာတ်ပုံတွေရိုက်သွားခဲ့ကြကြောင်းနဲ့ သူတို့မှာအပြစ်မရှိဘူးဆိုပြီး သူရင်းငှားတွေနဲ့အတူ လယ်တဲကိုသွားခွင့်ပြုတဲ့အတွက် သွားရောက်အလုပ်လုပ်နေတဲ့အချိန် ၁၂ နာရီကျော်လောက်မှာ လယ်ထဲကိုရောက်လာခဲ့ကြပြီး ပျိုးနုတ်နေတဲ့ ဦးစိုးမြင့်ထွန်းကို စစ်ဆေးစရာတွေရှိတယ်ဆိုက ဖမ်းဆီးသွားခဲ့ကြတာလို့ ဒေါ်လုံးကြည်က ပြောပါတယ်။

အဲ့ဒီကျေးရွာသား ခြောက်ဦးတို့ဟာ လက်ရှိ တပ်မတော်နဲ့ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် အေအေရဲ့ အမာခံတပ်ဖွဲ့ဝင်တွေဖြစ်ကြပြီး သတင်းအရစစ်ဆေးမှုတွေပြုလုပ်ဖို့ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

"၁၁ ရက်နေ့က တပ်မတော်ဘက်ကဝင်ပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ခေါ်ယူစစ်ဆေးတဲ့အချိန်မှာ သူတို့လိုချင်တဲ့ သူတွေကိုတွေ့ရင်တော့ တပါတည်းခေါ်ယူသွားပါတယ်။ ၁၁ ရက်နေ့ မနက် အရုဏ် ၃ နာရီလောက်မှာပါ။ ၁၄ ရက်နေ့မှာတော့ ကျွန်တော့်ကို ရဲစခန်းက အကြောင်းကြားတာက ကြိုးဆွဲချပြီးဆုံးသွားပြီ။ မိသားစုတွေခေါ်ပြီး မအီရဲစခန်းကိုလိုက်ခဲ့ ပါဆိုတော့ ကျွန်တော်လည်းလိုက်သွားပါတယ်။ ကျွန်တော်ကိုယ်တိုင်လက်မှတ်ထိုးပြီး မအီဆေးရုံကနေ ထုတ်လာတာပါ"လို့ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

အခုလိုမျိုး ရမ်းဗြဲမြို့နယ်အတွင်း အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံနေရသူတွေ နောက်ထပ်လည်းရှိနေပြီး အလယ်ချောင်းကျေးရွာက ၇ ယောက်၊ ကျောက်ဆောက်ကျေးရွာက တစ်ယောက်နဲ့ အထက်ပဒဲကျွန်းကျေးရွာက တစ်ယောက်တို့ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ အခုလအထိ သံသယနဲ့ဖမ်းဆီးခံနေရသူတွေထဲက အခုလို တပ်မတော်ရဲ့စစ်ကြောရေးအတွင်း သေဆုံးသူ ၁၇ ဦးခန့်ရှိနေပြီဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53430966
ရမ်းဗြဲ စစ်ကြောရေးမှာသေဆုံးသူ အသတ်ခံရတာလို့ မိသားစုဆို ရမ်းဗြဲ စစ်ကြောရေးမှာသေဆုံးသူ အသတ်ခံရတာလို့ မိသားစုဆို Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.