မဲပေးခွင့်ပထဆုံးရကြမယ့် လူငယ်တွေ သူတို့အခွင့်အရေးကို အသုံးချနိုင်ကြပါ့မလား


နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရမယ့်သူတွေ အပါအဝင် သန်းနဲ့ချီတဲ့ လူငယ်တွေလည်း မဲပေးခွင့်ရမှာ ဖြစ်ပေမဲ့ အခွင့်အရေးကို အသုံးမချနိုင်မှာ စိုးရိမ်နေတဲ့အကြောင်း မမေခ ပြောပြပေးမှာပါ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်အနက် ၅ သန်းကျော်ဟာ အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အထိရှိကြတဲ့ လူငယ် မဲဆန္ဒရှင်တွေဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် မဲပေးခွင့်ရမယ့်သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ ဘယ်လိုကိုယ်စားလှယ်မျိုးကို ရွေးချယ်ရမယ် ဆိုတာကတော့ သူ့အတွက် စိန်ခေါ်မှု တခုလို့လည်း ပထမဆုံးအကြိမ် မဲပေးခွင့်ရမယ့် ချင်းပြည်နယ် ပလက်ဝမြို့က မောင်ဝင်းသိန်းက ပြောပါတယ်။

“ကျနော့်ခံစားချက်ကတော့ ဘယ်လိုမှလည်း မရှိပါဘူး။ အများပြည်သူကိုအတွက် စဉ်းစားပေးနိုင်တဲ့ပါတီ၊ လူမှုရေးအသေးအဖွဲကိုတောင်ဂရုစိုက်ပေးတဲ့ ပါတီပေါ့။ ကျနော်က တယောက်ထဲမဲပေးမှာဗျ။”

ရွေးကောက်ပွဲမှာ လူထုအတွက် အကျိုးပြုမယ့် ကိုယ်စားလှယ်တွေကို လေ့လာပြီးမှ ရွေးချယ်ဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေထဲမှာတော့ LGBT အရေး လှုပ်ရှားနေသူ တဦးဖြစ်တဲ့ ချစ်မျိုးထွေး လည်းပါဝင်ပါတယ်။

“တွေဝေနေတယ် ဘယ်သူ့ကိုပေးရမလဲပေါ့။ ငါပေးတာမှားမလားပေါ့ ပထမဆုံးဆိုတော့လေ။ ဘယ်နှစ်ယောက်ပေးရမယ်မသိဘူး စိတ်ထဲမှာ ထင်တာကတော့ တယောက်ထဲပေးရမယ်လို့တော့ ထင်တာဘဲ။ အဓိကကတော့ တကယ်ပြောပြီး တကယ်လုပ်တဲ့ကိုယ်စားလှယ်မျိုးနဲ့ တကယ်ကြည့်တဲ့သူမျိုး ကိုယ်တွေ LGBT အရေးတွေကို တကယ်နားလည် လက်ခံပေးတဲ့ သူမျိုးပေါ့ နောက်ပူးပေါင်းလာမယ့် သူမျိုးပေါ့။”

ဒါပေမဲ့လည်း COVID-19 ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေနဲ့အတူ တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ရိုက်ခတ်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ သိန်းနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာလည်း ရွေးကောက်ပွဲမှာ မဲပေးခွင့်ရ-မရ မရေမရာ ဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရတော့မှာ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် မျှော်လင့်ချက် သိပ်မထားဘူးလို့ ဆိုလာသူကတော့ အသက် ၂၁ နှစ်အရွယ် ကချင်တိုင်းရင်းသား လာနူဟာပါ။

“ ကျနော်က ကချင် မြစ်ကြီးနားမှာရှိတဲ့ မန်ခိန်းစစ်ရှောင်စခန်းကပါ။ ကျနော်ကတော့ လွန်ခဲ့တဲ့ ၂၀၁၇ ထိက စစ်ရှောင်စခန်းမှာနေခဲ့တာပေါ့။ အဓိကတော့ ကျနော်တို့ ကချင်ပြည်နယ်ပေါ့ ကချင်ပြည်နယ်အတွက်တော့ ပေးမှာပေါ့။ ဒါပေမယ့် အခုအချိန်အထိတော့ ဘယ်လိုပေးမယ်ဆိုတာ စဉ်းစားထားတာမရှိပါဘူး။ အရင်က ကျနော်မဲသာမထည့်ခဲ့တာ၊ မဲဆွယ်တာ လိုက်နားထောင် ခဲ့တယ်။ဖြစ်လာတာ တွေကြည့်ပြီးတော့ ဘယ်လိုပြောမလဲ ယုံကြည်မှုသိပ်မရှိဘူးပေါ့ဗျာ။”

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လေ့လာရေးအဖွဲ့ ပဥမ မဏ္ဍိုင် အဖွဲ့ အမှုဆောင် ဒါရိုက်တာ တဦးလည်းဖြစ်၊ ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးနေဝင်းနိုင် ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် လူငယ်တွေ စိတ်ဝင်စားမှု အားနည်းရတဲ့ အကြောင်းရင်းတွေ ရှိနေတယ်လို့ အခုလိုသုံးသပ်ပါတယ်။

“ ဒီရွေးကောက်ပွဲနဲ့ ပတ်သတ်လို့စိတ်ဝင်စားသူတွေရှိတယ်။ ရွေးကောက်ပွဲဆိုတာ စိတ်မဝင်စားဘူး ဘဝရပ်တည်ရေး ကြိုးပမ်းနေသူတွေပေါ့။ သူတို့တွေက ရွေးကောက်ပွဲကို မသိသလို အာရုံမစိုက်နိုင်ဘူး။ ဘယ်ဟာကပိုများလဲဆို စိတ်မဝင်စားတဲ့အပိုင်းကပိုများမယ်။ ဒီပမာဏက နိုင်ငံတနိုင်ငံကို ပြောင်းလဲလို့ရတယ်။ ဒါပေမယ့် ခုက နိုင်ငံရေးပါတီတွေဘက်က first time voter တွေကို အလေးအနက်ထားပြီးတော့ စည်းရုံးတာတွေ သိပ်မတွေ့ရဘူး။ အဓိကကတော့ လူငယ်တွေ စိတ်ဝင်စားတာတွေက ဘာတွေဖြစ်မလဲပေါ့။ ပညာရေးတွေရှိမယ် ကျောင်းပြီးတဲ့အခါမျိုးမှာ အလုပ်ရဖို့ဆိုတာတွေ ရှိမယ်။ အဲဒီတော့ လူငယ်တွေရဲ့အသံကို ကြားနိုင်အောင် စိတ်ဝင်စားတဲ့အရာကို နိုင်ငံတော်ကလည်း ပြောပေးမယ်။ သက်ဆိုင်ရာပါတီတွေကပြော ပေးလာရင် လူငယ်တွေက ငါတို့နဲ့သက်ဆိုင်ပါလားလို့ ထင်မြင်လာမယ်လို့ ကျနော်ထင်တယ်။”

ကပ်ရောဂါကြောင့် သွားလာကန့်သတ်မှုတွေ ရှိနေပေမဲ့လည်း ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့်အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကိုလည်း မကြာသေးခင်ကပဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ရှေ့လာမယ့်ရက်တွေအတွင်း မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

မေခ / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-2020-election-youth-perspective-/5505850.html
မဲပေးခွင့်ပထဆုံးရကြမယ့် လူငယ်တွေ သူတို့အခွင့်အရေးကို အသုံးချနိုင်ကြပါ့မလား မဲပေးခွင့်ပထဆုံးရကြမယ့် လူငယ်တွေ သူတို့အခွင့်အရေးကို အသုံးချနိုင်ကြပါ့မလား Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.