ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေ ပြန်ဖွင့်တော့မည်


COVID-19 ကပ်ရောဂါကာလမှာ ပိတ်ထားရတဲ့ ဧရာဝတီတိုင်းက အပမ်းဖြေကမ်းခြေတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

၃ လကျော်ကြာ ပိတ်ထားတဲ့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရင်ဂျီ ကမ်းခြေ ဒေသတွေကို ပြန်လည် ဖွင့်လှစ်ဖို့ ဧရာဝတီတိုင်း အစိုးရက စီစဉ်နေတာပါ။ ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ပိတ်ထားရတဲ့အတွက် ခရီးသွားတွေကို အားထားနေတဲ့ လုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ အခက်အခဲတွေနဲ့လည်း ကြုံခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ ကျန်းမာရေးအတွက် ကာကွယ်ရေး အစီအမံတွေကို လိုက်နာရမှာ ဖြစ်ကြောင်းလည်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

“ဟိုတယ်တွေ၊ ကမ်းခြေတွေ ပြန်လည်ဖွင့်လှစ်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကျနော်တို့အတည်ပြုပြီးထုတ်ပြန်ပေးလိုက်တော့ ဒါတွေနဲ့ညီညွတ်အောင် ဟိုတယ်တွေက အရင်ပြင်ဆင်ရမယ်။ ပြင်ဆင်ပြီးရင် သက်ဆိုင်ရာတိုင်းအဆင့် ဌာနတွေကို အကြောင်းကြားရမယ်။ စစ်ဆေးရေးအဖွဲ့တွေက သတ်မှတ်ချက်တွေနဲ့ညီ မညီစစ်ဆေးမယ်။ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပြီ ဆိုလို့ရှိရင် တိုင်းအစိုးရကိုတင်ပြပြီး တိုင်းအစိုးရကနေပြီးတော့ ဖွင့်လှစ်ခွင့်အမိန့်ထုတ်ပေးမယ်ပေါ့။”

သတ်မှတ်ချက်တွေအတိုင်း လုပ်ငန်းရှင်တွေက ပြင်ဆင်ဖို့နဲ့ တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးဖို့ လုပ်ငန်းစဉ်တွေ ပြီးဆုံးမှသာ ဖွင့်လှစ်ခွင့်ရမှာ ဖြစ်တာကြောင့် ရက်အတိအကျတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

အပမ်းဖြေ ကမ်းခြေတွေနဲ့ လုပ်ငန်းတွေ ပြန်ဖွင့်ပေးဖို့ ပြင်ဆင်နေပေမဲ့လည်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းမှာ ကပ်ရောဂါထိန်းချုပ်ရေး အစီအမံတွေ ရှိနေဆဲ ဖြစ်သလို၊ မိုးတွင်းကာလ ရောက်လပြီ ဖြစ်တာကြောင့် ခရီးသွားတွေ များများစားစား ရောက်လာဖို့ မျှော်လင့်မထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကော်မတီရဲ့ ပြောခွင့်ရ ဦးသက်လွင်တိုးက VOA ကိုပြောပါတယ်။

“ဒီအချိန်က ကမ်းခြေဒေသကတော့ မိုးတွင်းလည်းဖြစ်တယ်။ ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ် ဆိုတော့ Domestic Traveler တွေကတော့ သိပ်အများကြီးသွားဦးမှာမဟုတ်ဘူးလေ။ စီးပွားရေးအခြေအနေလည်း ပါဦးမှာပေါ့နော်။ အဓိကတော့ Service Provider တွေက ဧည့်သည်လာမှပဲ အလုပ်ဖြစ်တာဆိုတော့ သူတို့ရှင်သန်ရပ်တည်နိုင်ရေးအတွက်လည်း ဒါရည်စူးပြီး လုပ်တာလည်း ဖြစ်မှာပေါ့နော်။ ဒါပေမယ့် ခုနကပြောသလို ဒီအချိန်မှာ အများကြီး အပြုံလိုက် သွားဖို့ကလည်း မသင့်တော်သေးသလို၊ သွားဖို့အခြေအနေတွေ ကလည်း ကျနော်တို့ သိသလောက်ကတော့ သူ့အစုကိုယ့်အစုလေးလောက်ပဲ သွားကြတုန်းပဲပေါ့နော်။ ဒီ Package Tour ကြီးတွေနဲ့အုပ်စုလိုက် သွားတာမျိုးတွေကတော့ သိပ်မလွယ်သေးဘူးထင်ပါတယ်။”

ဧရာဝတီတိုင်းအတွင်း ခရီးသွားလာနိုင်ဖို့အတွက် သက်ဆိုင်ရာကနေ ခရီးသွားထောက်ခံချက် ယူလာရမယ်လို့လည်း တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ COVID- 19 အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့အမိန့် ညွှန်ကြားချက်တွေကို ဇူလိုင်လကုန်အထိ လိုက်နာဆောင်ရွက်ဖို့ ရက်တိုးသတ်မှတ်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ပြီးခဲ့တဲ့လကုန်ပိုင်း ထုတ်ပြန်ချက်အရ ကပ်ဘေးဒဏ်ကာလ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေကို သိသိသာသာ ရိုက်ခတ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

 စုစု /VOA (Burmese)
https://burmese.voanews.com/a/myanmar-beach-in-irrawady-will-open-covid-19-/5506005.html
ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေ ပြန်ဖွင့်တော့မည် ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေ ပြန်ဖွင့်တော့မည် Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.