အစိုးရက ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့စီစဉ်

မြန်မာပြည်မှာ ဆိုရှယ်မီဒီယာ သုံးသူတွေ တိုးလာ
ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဝန်ကြီးဌာန ဘက်က ဒီလိုစီစဥ်နေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်းနဲ့ ပြန်ကြားရေးဌာနက အရာရှိကြီးတွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတချို့ ၊ သတင်းမီဒီယာ သမားတချို့ ၊ အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ် စဥ်မှာပြောခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့လဲ မကြာခင်ကျင်းပမယ့် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဒီအဖွဲ့ ဖွဲ့တဲ့ ရည်ရွယ်ချက်ဟာ ကောင်းမွန်ပေမယ့် အစိုးရက ဦးဆောင်ပြီးဖွဲ့ရင် လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်မလာမှာကို စိုးရိမ်တယ်လို့ စစ်ကိုင်းတိုင်း ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဇော်သူရိန်ထွန်းက ဘီဘီစီကိုပြောပါတယ်။
ပြန်ကြားရေးဌာနက အရာရှိကြီးတွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတချို့ ၊ သတင်းမီဒီယာ သမားတချို့ ၊ အပြန်အလှန် ဆွေးနွေး
ဆိုရှယ်မီဒီယာဟာ လက်ရှိမှာ အင်အားကြီးမားပြီး ပျံ့နှံမူ့ အားကောင်းလာတဲ့အတွက် သတင်းမီဒီယာ တွေလိုပဲ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာဖို့ ဝိုင်းဝန်း ဆောင်ရွက်ပေးဖို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာနဲ့ဆိုင်တဲ့ အသင်းအဖွဲ့တစ်ခု မလုပ်ခင် မြန်မာနိုင်ငံမှာ ဖေစ်ဘွတ်ရဲ့တရားဝင်ရုံး ဖွင့်လှစ်ဖို့ ဆောင်ရွက်သင့်တယ်လို့လည်း စစ်ကိုင်းတိုင်းကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဌ ဦးဇော်သူရိန်ထွန်းက ပြောပါတယ်။

တကယ်လို ဆိုရှယ်မီဒီယာအသင်းဖွဲ့မယ်ဆိုရင်လည်း အားလုံးခြုံပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုတယ် လို့လည်း သမ္မတရုံးရဲ့ ပြောခွင့်ရသူဦးဇော်ဌေးက ပြောပါတယ်။

ဒီအသင်း ဖွဲ့စည်းဖို့အတွက် ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါတဲ့ ဖိုရမ်တစ်ခုပြုလုပ်ပြီးမှ ဆောင်ရွက်သင့်သလို ဒီအသင်းအဖွဲ့ကိုလည်း သီးခြား လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးဖို့ လိုတယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။
အစိုးရက ဆိုရှယ်မီဒီယာမှာ စောင့်ကြည့်မှုတွေရှိခဲ့
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် လေ့လာချက် စစ်တမ်းတွေ အရ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ် အသုံးပြုသူ ၂၁ သန်းနီးပါးရှိနေပြီး အရှေ့တောင် အာရှမှာ ဆဋ္ဌမမြောက် အများဆုံးဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို စီးပွားရေး နိုင်ငံရေး လူမှုရေး ပညာရေးသာမက သတင်းအချက်အလက် ရရှိဖို့ကိုလည်း မြန်မာပြည်သူတွေ သုံးစွဲနေကြပါတယ်။

၂၀၂၀ မှာ တော့ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူစုစုပေါင်း၂၂ သန်းနီးပါး ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကထက်သုံးစွဲသူ တစ်သန်းခွဲနီးပါးတိုးလာတယ် လို့ Digital Myanmar Report ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာပြည်က ဆိုရှယ်မီဒီယာ သုံးသူတွေထဲမှာ ၉၀ ရာခိုင်နူန်းခန့်ဟာ ဖေစ်ဘွတ် ကို အဓိက အသုံးပြုကြပြီးတော့ အင်စတာဂရမ်၊ တွစ်တာ ၊ ဗီကေ၊ ယူကျု့၊ တစ်တော့ စတဲ့ ဆိုရှယ်မီဒီယာတွေ ကိုလည်းသုံးစွဲမှုတွေလည်း ရှိပါတယ်။

ဆိုရှယ်မီဒီယာမှာ စောင့်ကြည့်ရာမှာ အသုံးပြုဖို့အတွက် သမ္မတအထူးရန်ပုံငွေကနေ ကျပ်ငွေ သန်းပေါင်း ၆,၄၂၆ သန်းကို ထုတ်ယူ သုံးစွဲခဲ့တာရှိပြီး ဒါနဲပတ်သက်လို့ မိတ္ထီလာမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ ပြုလုပ်တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးဌာနနဲ့အားကစားဝန်ကြီးဌာနကလည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို သုံးပြီး သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53463081
အစိုးရက ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့စီစဉ် အစိုးရက ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့စီစဉ် Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.