ပါကစ္စတန်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ဖျက်ဆီးသူ ၄ ဦးကို ဖမ်းဆီး

UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်း ဗုဒ္ဓဘာသာ ထွန်းကားရာ အထင်ကရနေရာတခုဖြစ်တဲ့ Takht-i-Bahi (မှတ်တမ်းဓါတ်ပုံ- ၂၀၁၅ အောက်တိုဘာလ ၃၀ ရက်နေ့ )
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Mardan မြို့မှာ၃ ရာစုနှစ်တုန်းကရှိလာခဲ့တဲ့ ဗုဒ္ဓ ရုပ်ပွါးတော်တဆူကို ရှေးရိုးစွဲ ဘာသာရေး အယူသီးတစုက ရှာတွေ့ပြီးနောက် ဖျက်ဆီးလိုက်တဲ့ အတွက် အပျက်အစီးအပိုင်းအစတွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေ ပြန်ရှာဖို့ စပြီးလုပ် နေတယ် လို့ အာဏာပိုင်တွေကပြောပါတယ်။ ဒီ ရှေးဟောင်း ရုပ်ပွားတော်ကြီးက လူတရပ်စာ အရွယ်ရှိတာပါ။

ဒီရှားပါးဆင်းတုကို ဖျက်ဆီးလိုက်တဲ့ဖြစ်ရပ်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာအဖွဲ UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်း ဗုဒ္ဓဘာသာ ထွန်းကားရာ အထင်ကရနေရာတခုဖြစ်တဲ့ Takht-i-Bahi အနီးက ရွာတရွာမှာ ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်ရပ်အတွက် Khyber Pakhtunkhwa ပြည်နယ် ရဲတပ်ဖွဲ့က လူ ၄ ဦးကို စနေနေ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို ဗုဒ္ဓဆင်းတုကို တူနဲ့ ရိုက်ပြီး ဖျက်ဆီးနေတဲ့ ဗွီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးတဲ့နောက်မှာ ရဲက သူတို့ကို ဖမ်းဆီးခဲ့တာပါ။

ဒီဆင်းတုတော်ကို ထုလုပ်ထားတဲ့ပုံစံနဲ့ အနုပညာလက်ရာကို ကြည့်ရင် လွန်ခဲတဲ့ A.D. ၂ ရာစု ဒါမှမဟုတ် ၃ ရာစုလောက်က ဆင်းတုဖြစ်ပြီး နှစ်ပေါင်း ၁၇၀၀လောက်သက်တမ်း ရှိနေပြီဖြစ်ကြောင်း ပြည်နယ် ရှေးဟောင်းသုတေသနပြတိုက် ဌာန၊သုတေသီBakht Muhammad က VOA ကိုပြောပါတယ်။

ဒီနေရာနဲ့ အနီးတဝိုက် နောက်ထပ် ရှေးဟောင်းပစ္စည်းတွေ ရှာဖွေဖို့ ပြည်နယ် အစိုးရက ရှေးဟောင်းသုတေသန ကျွမ်းကျင်အဖွဲ့တဖွဲ့ကို ညွှန်ကြားထားတဲ့အတွက် ဒီကနေ့ အင်္ဂါနေ့က စပြီး အသေးစိတ်ရှာဖွေမှုတွေကို ပြုလုပ်သွားမယ်လို့ Muhammad က ပြောပါတယ်။ ဒီနေရာကို အရင်က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေစာရင်းမှာ ထည့်သွင်းထားတာမရှိခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ဆင်းတုတော်ကို ဖျက်ဆီးခဲ့သူ ၄ ဉီးကို ရှေးဟောင်းပစ္စည်း ထိန်းသိမ်းစောင့်ရှောက်ရေး ဉပဒေနဲ့ တရားစွဲဆိုသွားမှာဖြစ်ပြီး ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၅ နှစ် နဲ့ ငွေဒဏ် အမေရိကန် ဒေါ်လာ ၁၂၀၀၀ လောက်ပေးဆောင်ရမှာ ဖြစ်ကြောင်းလည်း Muhammad ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/pakistan-search-site-after-undiscovered-buddha-statue-is-vandalized-/5510910.html
ပါကစ္စတန်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ဖျက်ဆီးသူ ၄ ဦးကို ဖမ်းဆီး ပါကစ္စတန်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ဖျက်ဆီးသူ ၄ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 07:49 Rating: 5
Powered by Blogger.