ဖာပွန်မြို့နယ်မှာ အမျိုးသမီးတဦးကို လုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီး


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုးထာကျေးရွာမှာ ဇူလိုင်လ ၁၆ ရက်နေ့က အမျိုးသမီးတဦးကို ပစ္စည်းလုယက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က မနေ့က ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပိုလိုးထာကျေးရွာနဲ့ နယ်မြေတဝိုက်က တပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နဲ့  ဟိန်းမင်းထက်တို့ ၂ ဦးဟာ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းမှာ စခန်းက ခွင့်ပြုချက်မရဘဲ လက်နက်ငယ် ၂ လက်နဲ့အတူ ပိုလိုးထာကျေးရွာက အရက်ပုန်းဆိုင်မှာ အရက်သောက်ပြီး တပ်သား သန်းစိုးလွင်က အရက်ဆိုင်ရှင် အမျိုးသမီး ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို လုယက်စဉ်မှာ၊ တပ်သားသန်းစိုးလွင် ကိုင်ဆောင်တဲ့ သေနတ်က ကျည်ပေါက်ထွက်သွားလို့ ဆိုင်ရှင်အမျိုးသမီး သေဆုံးခဲ့ကြောင်း၊  စစ်သည် ၂ ဦး တောတွင်းထွက်ပြေးပုန်းရှောင်ရာက  ဇူလိုင်လ ၁၇ ရက်နေ့မှာ စခန်းရှိရာ ပြန်လည်အဖမ်းခံခဲ့ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ တရားခံ စစ်သည် ၂ ဦးကို  ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်မှာ ချုပ်နှောင်ထားပြီး စစ်စည်းကမ်းအရ ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ မှုခင်းဖြစ်စဉ်ကို သက်ဆိုင်ရာ အထက်ဌာနတွေထံ အချိန်နဲ့တပြေးညီ သတင်းမပို့ခဲ့တဲ့ စခန်းတာဝန်ရှိသူတွေကိုလည်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဖာပွန်မြို့နယ်မှာ အမျိုးသမီးတဦးကို လုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီး ဖာပွန်မြို့နယ်မှာ အမျိုးသမီးတဦးကို လုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 07:42 Rating: 5
Powered by Blogger.