ရှမ်းပြည် လူကုန်ကူးဂိုဏ်းက အမျိုးသမီး ထောင်အနှစ် ၈၀ ကျ

စစ်ဆေးရေးဂိတ်စခန်းတစ်ခုမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ပညာပေး စစ်ဆေးနေစဉ်
တရုတ်နိုင်ငံကို မိန်းကလေးငယ်တွေ ရောင်းစားမှုနဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့က အမျိုးသမီးတစ်ဦးကို တရားရုံးက ထောင်ဒဏ် နှစ် ၈၀ ချလိုက်ပါတယ်။

သူဟာ ရှမ်းပြည်နယ်က မိန်းကလေး တွေကို တရုတ်နိုင်ငံသားတွေဆီ ရောင်းစားခဲ့လို့ ဥပဒေအရ ထောင်အနှစ် ၈၀ ချမှတ်ခဲ့တာလို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး ရဲမှူး ဦးကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုဟာ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီလူကုန်ကူးဂိုဏ်းအဖွဲ့ဟာ ရှမ်းပြည်နယ် ဖယ်ခုံမြို့နေ မိန်းကလေးတွေကို လူကုန်ကူးခဲ့ တာ ဖြစ်ပါတယ်။

သူတို့က တရုတ် နိုင်ငံ ရွှေလီမြို့ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်ရမယ် ဆိုပြီး အဲဒီ မိန်းကလေးတွေကို စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ အမှုဖြစ်စဉ် အားလုံးမှာ ကျူးလွန်ခံရသူတွေဟာ တရုတ်အမျိုးသားတွေဆီ ရောင်းစားခံခဲ့ရတာ ဖြစ်ပါတယ်။

နယ်စပ်မြို့တွေက သတို့သမီး ခေါ်ယူတဲ့ ကြော်ငြာစာတခု
ဒီလို ရောင်းချဖို့ စီစဉ်သူတွေအနက် အဓိကတရားခံ မဌေးလေး ခေါ် မဝင်းဌေးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ နဲ့ တောင်ကြီး ခရိုင်တရားရုံးက အမှု ၄ ခုဖွင့်ပြီး အလုပ်ထောင်ဒဏ် အနှစ် နှစ်ဆယ်စီနဲ့ အမှု ၄ မှုအတွက် အနှစ် (၈၀) ချမှတ်ခဲ့ပါတယ်။

သူက တစ်မှုထဲနဲ့ အနှစ် ၈၀ ကျတာ မဟုတ်ပါဘူး၊ ၄ မှုအတွက် ကျတာပါ၊ အလုပ်နဲ့ ထောင်ဒဏ်လည်း ပါတယ်လို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး ရဲမှူး ဦးကျော်ညွန့်က ပြောပါတယ်။

ဒါဟာ လူတွေ အံ့အားသင့်စရာ နှစ်ရှည်ပြစ်ဒဏ် ဖြစ်ပေမယ့် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအတွက် အခု အမိန့်ချမှတ်တဲ့ ပြစ်ဒဏ်ဟာ အမြင့်ဆုံး မဟုတ်ဘဲ အရင်တုန်းကလည်း ကချင်ပြည်နယ်ဘက်မှာ အလားတူ ပြစ်ဒဏ် ချမှတ်ခဲ့တာတွေ ရှိတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံက အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က မိန်းကလေးအများစုကို တရုတ်အမျိုးသားတွေ အတွက် အငှားကိုယ်ဝန် ဆောင်ခိုင်းဖို့နဲ့ ဇနီးမယားအဖြစ် လူကုန်ကူးတာတွေ ရှိနေတယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေ လက်မှတ် ရေးထိုးထားသလို တရုတ်နိုင်ငံဘက် ကလည်း ဒီလို လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ဖော်ထုတ် ရှာဖွေ ကယ်တင်ပြီး မြန်မာနိုင်ငံဘက် ပြန်ပို့တာတွေ ရှိပါတယ်။

ပြန်လည် လွှဲပေးတဲ့ လူတွေကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က မေးမြန်းစစ်ဆေးပြီး လူကုန်ကူးသူတွေကို ရှာဖွေ ဖော်ထုတ်တာတွေနဲ့ နယ်စပ်မှာ တားဆီး ဖမ်းဆီးခဲ့တာတွေ ရှိတယ်လို့ ရဲမှူး ဦးကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရှမ်းပြည် လူကုန်ကူးဂိုဏ်းက အမျိုးသမီး ထောင်အနှစ် ၈၀ ကျ ရှမ်းပြည် လူကုန်ကူးဂိုဏ်းက အမျိုးသမီး ထောင်အနှစ် ၈၀ ကျ Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.