တရုတ်ဖရဲစိုက်ခင်းများနောက်ကွယ်က ပြဿနာတွေ

ယင်းမာပင်နယ် ဖရဲစိုက်ခင်းမှာ နေထိုင်ခွင့်မရရှိသေးပဲ လာရောက် နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၄ ဦး တွေ့ရှိ
မုံရွာတစ်ဘက်ကမ်း ယင်းမာပင် နယ်ဘက်မှာ တရုတ်နိုင်ငံသားတွေ လာရောက် စိုက်ပျိုးနေတဲ့ ဖရဲစိုက်ခင်းတွေဟာ ဒေသအတွက် စိုးရိမ်စရာ ပြဿနာတွေ ပေါ်လာနိုင်မယ့် အခြေအနေတွေ တွေ့နေရတယ်လို့ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီ က ဘီဘီစီကို ပြောပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက ယင်းမာပင်မြို့နယ်ထဲက ဖရဲစိုက်ခင်းတစ်ခုကို သူကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ရာမှာ မြို့နယ်တွင်း နေထိုင်ခွင့် မရသေးဘဲ လာရောက် နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို တွေ့ရှိခဲ့ရပြီး ဒီလူတွေနဲ့ ဆက်စပ်ပြီး ပြဿနာတွေ ပေါ်လာနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ သူကပြောပါတယ်။

ဖရဲစိုက်ခင်းတွေမှာ မြန်မာကုမ္ပဏီ အမည်ခံပြီး တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတာဟာ ရေဦး ချောင်းဦး ဘုတလင် နယ်ဘက်တွေမှာလည်း ဧက ရာချီ ရှိနေတယ်လို့လည်း မုံရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ယင်းမာပင်နယ်ထဲမှာ တရုတ်ဖရဲ စိုက်ခင်းတွေကို ဧက ရာနဲ့ချီလုပ်ကိုင်နေကြတာပါ။ တရုတ်ကို မြေငှားပြီး ဖရဲစိုက်တာဟာ ၂၀၁၆ လောက်ထဲက စတင်ခဲ့ပြီး အခုနှစ်ထဲမှာ ယာမြေတွေပါ စတင် ပါဝင်လာပြီး တစ်ဧက ၃ သိန်းခွဲကနေ ၄ သိန်းအထိ ပေးပြီး ငှားရမ်း လုပ်ကိုင်တာတွေ ရှိလာနေတယ်" လို့လည်း ဒေါ်အောင်မေရီက ရှင်းပြပါတယ်။

ဖရဲစိုက်ခင်း ပိုးသတ်ဆေးအများအပြားသုံး

ဘာတွေစိုးရိမ် စရာ ရှိလဲ

"နံပတ်တစ် ဒီနယ်ထဲကို တရားမဝင် ဝင်လိုက်ထွက်လိုက် လုပ်လာတွေနဲ့ ဆက်စပ်ပြီး မြန်မာအမျိုးသမီးတွေကို လူကုန်ကူးမှုတွေ ရှိလာနိုင်တယ်၊ နောက်တစ်ခုက သူတို့နဲ့ အတူပါလာတဲ့ ကျွန်မတို့ မြေပေါ်မှာ သုံးစွဲနေတဲ့ ပိုးသတ်ဆေးတွေဟာ ဘယ်လောက် အန္တရာယ် ကင်းသလဲ မသိနိုင်ဘူး"

"နောက်တစ်ခု ဖရဲကားတွေက ညဘက် ထွက်တာ များတော့ ဒေသကထွက်တဲ့ သစ်တွေ ဖရဲကားတွေနဲ့ တရားမဝင် သယံဇာတ ခိုးထုတ်တာတွေ ဖြစ်နိုင်ခြေတွေ ရှိတယ်"လို့လည်း ဒေါ်အောင်မေရီက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မြန်မာအလုပ်သမားတွေဟာ တရုတ် ဖရဲစိုက်ခင်းတွေမှာ အစိုးရသတ်မှတ်တဲ့ အနိမ့်ဆုံးလုပ်ခ လစာ မရဘဲ တစ်ရက်ကို ၄၀၀၀ ကျပ်ပဲ ရတယ် လို့လည်း သူကရှင်းပြပါတယ်။

ဘီဘီစီက ဒေသခံတွေဆီက စုံစမ်းမှုတွေအရ ရေဦး ဘုတလင် နဲ့ ချောင်းဦး အပါအဝင် စစ်ကိုင်းတိုင်းမှာ တရုတ်ဖရဲ စိုက်ခင်းဧက အများအပြား လုပ်ကိုင်နေတဲ့ ကုမ္ပဏီကတော့ မြန်မာအမည်နဲ့ ဖြစ်ပြီး တရုတ် စိုက်ပျိုးရေးပညာရှင်ဆိုသူတွေက လာရောက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
တရုတ်ဖရဲစိုက်ခင်းလုပ်သားတွေဟာ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်ထက် နည်းပြီးရ

အနိမ့်ဆုံးလုပ်ခပြဿနာ

ဖရဲစိုက်ခင်းအလုပ်သမားတွေဟာ နယ်ခံတွေ မဟုတ်ကြဘဲ တခြားနယ်ဘက်က လာရောက် လုပ်ကိုင်သူတွေ များပါတယ်။ တချို့က ဧရာဝတီတိုင်းဘက်က လာကြတယ်လို့လည်း သိရပါတယ်။

ရေဦးနယ်ဘက်မှာ တရုတ် ဖရဲစိုက်ခင်းတွေဟာ အစိုးရ သတ်မှတ်တဲ့ အနိမ့်ဆုံးလုပ်ခ မရတာနဲ့အချိန်ပိုကြေး မရတာတွေ ရှိတယ် လို့လည်း ဖရဲစိုက်ခင်းက အလုပ်သမားအရေး လိုက်ပါ ဆောင်ရွက်ပေးနေသူ ဦးအောင်မြင့်သောင်းက ပြောပါတယ်။

"ခက်တာက အလုပ်သမားတွေကလည်းဒီကိစ္စကို ဘာမှ မပြောကြတော့ အလုပ်ရှင် အလုပ်သမား နှစ်ဘက် ပြေလည်ရင် ဥပဒေက မလိုဘူး ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ကျွန်တော်တို့က ဘေးကဆောင်ရွက်ပေးသူ ဆိုတော့ သိပ်မလုပ်နိုင်ဘူး"လို့လည်း သူက ပြောပါတယ်။

ယင်းမာပင် နယ်ဘက်မှာလည်း အစိုးရ တရားဝင် သတ်မှတ်တဲ့ အနိမ့်ဆုံးလုပ်ခ မရတဲ့ ပြဿနာ ရှိပြီးကုမ္မဏီ တစ်ခုတည်း ဖြစ်နေတာကို တွေ့ရပါတယ်။

တရားဝင် အထောက်အထား မရှိဘဲ စိုက်ခင်းတွေမှာ တရုတ်နိုင်ငံသား ပြဿနာ

တရားမဝင်သွားလာနေထိုင်မှု ပြဿနာ

တရုတ် ဖရဲစိုက်ခင်းတွေ ပြဿနာနဲ့ ပတ်သက်လို့ ဒေါ်အောင်မေရီက စက်တင်ဘာလအတွင်းက စစ်ကိုင်းတိုင်း လွှတ်တော်မှာ မေးခွန်းမေးခဲ့ပါတယ်။ တရားဝင် အထောက်အထား မရှိဘဲ စိုက်ခင်းတွေမှာ လာရောက် နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ ပြဿနာ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ လုပ်ထုံးလုပ်နည်းတွေ ရှင်းပြပြီးတော့ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ဖြေခဲ့တာမျိုး မရှိခဲ့ဘူး လို့လည်း သူက ပြောပါတယ်။

"ကျွန်မတို့ နိုင်ငံက တရားဥပဒေ စိုးမိုးမှု အားနည်းတာကို အခွင့်ကောင်းယူပြီး သူတို့ ထင်သလို ဝင်ထွက် နေထိုင်ကြတာကို အထောက်အထားနဲ့ တွေ့ရလို့ လွှတ်တော်မှာ မေးတာ၊ ဒါဟာ ကျွန်မ သွားကြည့်တဲ့ စိုက်ခင်းတစ်ခုပဲ ရှိသေးတယ်"ဒေါ်အောင်မေရီက ပြောပါတယ် ။

"စိုးရိမ်စရာ ကောင်းတာက ပိုးသတ်ဆေးတွေ သုံးနေတဲ့ ပြဿနာပါ "လို့လည်း သူက ဆက်ပြောပါတယ်။

တရုတ်ဖရဲစိုက်ခင်းတစ်ခု

ပိုးသတ်ဆေးပြဿနာ

တရုတ် ဖရဲစိုက်ခင်းတွေဟာ မြန်မာအစိုးရ အသိအမှတ်ပြု စစ်ဆေးထားတဲ့ ပိုးသတ်ဆေးတွေပဲ သုံးတာ မဖြစ်နိုင်ဘူးလို့လည်း ရေဦးက ဦးအောင်မြင့်သောင်းက ပြောပါတယ် ။

"ကျွန်မတို့ဆီမှာ ဖရဲကားတွေက ကျကျန်ခဲ့တဲ့ ပိုးသတ်ဆေးဗူးတွေ ရှိတယ်၊ အဲဒီဗူးတွေမှာ မြန်မာအစိုးရက စိစစ်ပြီး အသိမှတ်ပြု ထောက်ခံတဲ့ အမှတ်အသား မတွေ့ရဘူး"လို့လည်း ဒေါ်အောင်မေရီက ပြောပါတယ်။

တရုတ် ဖရဲစိုက်ခင်းတွေဟာ အရင်ကတော့ မြစ်ထဲက သောင်တွေပေါ်မှာ ရေကျချိန် စက်တင်ဘာ အကုန်လောက်က စပြီး စိုက်ကြတာပါ။ အခုတော့ ယာမြေတွေကို ငှားစိုက်တာဟာ ကျယ်ပြန့်လာနေပါတယ်။ ယာမြေတွေပေါ်မှာ ငှားပြီး သူတို့သုံးချင်တွေ သုံးနေမယ်ဆိုရင် ကျွှန်မတို့ နိုင်ငံ မြေဆီမြေလွှာတွေနဲ့ ပတ်သက်ပြီး အလွန် စိုးရိမ်စရာကောင်းပါတယ်လို့ ဒေါ်အောင်မေရီက ပြောပါတယ် ။

ဒါ့အပြင် တရုတ် ဖရဲစိုက်ခင်းတွေဟာ ကျေးရွာပိုင်မြေတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာ ရှိပြီး တချို့ ရပ်ရွာ အာဏာပိုင်တွေဟာ တရုတ် ဖရဲစိုက်ခင်းတွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ မြေငှားခတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောတာ မရှိဘူးလို့လည်း ဒေါ်အောင်မေရီက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ထဲက ယာစိုက်ခင်း
မြေသယံဇာတ ဆုံးရှုံးနစ်နာမှုရှိသလား

ဖေဖေါ်ဝါရီလကုန် လောက်ဆိုရင် တရုတ်ဖရဲ စပေါ်ပြီးတော့ ဧပြီလဆန်းမှာ တရုတ်ဖရဲ စိုက်ခင်းသိမ်းပါတယ်၊ ထွက်လာတဲ့ ဖရဲတွေ အကုန်လုံးကို မူဆယ်နယ်စပ်ကနေ တစ်ဆင့် တရုတ်ဘက်ကို ပို့ကြတာ ဖြစ်ပါတယ်။

ယင်းမာပင်ဘက်မှာ ဒီနှစ် တရုတ်ဖရဲ ဘယ်လောက်များလဲဆိုရင် ဟိုနေရာစုစု ဒီနေရာစုစုနဲ့ ဖားကန့် ကျောက်တူးသလို ဖြစ်နေတယ်လို့လည်း ဒေါ်အောင်မေရီက ပြောပါတယ် ။

ရေဦးနယ် ဘက်မှာတော့ တရုတ်ဖရဲ စိုက်ခင်းတွေဟာ အရင် ပလပ်မြေတွေမှာ စိုက်ခွင့် တောင်းပြီး လုပ်ကိုင်နေကြတယ်လို့ ဦးအောင်မြင့်သောင်းက ပြောပါတယ်။

တရုတ်ဖရဲ စိုက်ခင်းတွေကြောင့် မြေဆီလွှာ ပျက်စီး ဆုံးရှုံးတယ် ဆိုတာမျိုးလည်း တောင်သူတွေက ပြောကြပေမဲ့ တိတိကျကျ ကိုးကား ပြောဆိုတာမျိုးတော့ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်ကတော့ စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းက တရုတ်လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်တဲ့ တစ်ရှူး ငှက်ပျောစိုက်ခင်း စိုက်ပျိုးကြတာနဲ့ ပတ်သက်ပြီး မြေသယံဇာတ ဆုံးရှုံးနစ်နာမှုနဲ့အတူ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကျေးရွာနေ တောင်သူလယ်သမားတွေ ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ် ။

တရုတ်ဖရဲစိုက်ခင်း နဲ့ပတ်သက်ပြီးဘာတွေသိချင်နေကြလဲ

တရုတ် ဖရဲစိုက်ခင်းတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ရှင်းရှင်းလင်းလင်း သိချင်ကြတာက

- တရုပ်လူမျိုးတွေ ဟာ ဘယ်လို ပြည်ဝင်ခွင့်၊ ဘယ်လိုခွင့်ပြုချက်တွေနဲ့ လာရောက် လုပ်ကိုင်နေသလဲ

- ဒီမှာ သူတို့ အခုလို လာရောက် ရင်းနှီး လုပ်ကိုင်နေတာဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေနဲ့အညီ ဖြစ်ရဲ့လား

- အလုပ်သမားခ အပြင် အလုပ်ချိန်နဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းစေမှုတို့ အပြင် စိုက်ပျိုးရေးအတွက် သုံးစွဲနေတဲ့ မျိုးစေ့နဲ့ မြေသြဇာ ပိုးသတ်ဆေး စတာတွေဟာလည်း အစိုးရ သတ်မှတ်ထားတဲ့ တရားဝင် သတ်မှတ်ချက်နဲ့ ညီမညီ၊ အဲဒီပစ္စည်းတွေ ဟုတ်/မဟုတ် စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒီအချက်တွေက အခုထိ ရှင်းရှင်းလင်းလင်း အဖြေမထွက်သေးပါဘူး။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ဒေသခံတွေက တရုတ်တွေကို ယာမြေတွေ ငှားရမ်းနေကြဆဲဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမဟုတ်ဘဲ ကချင် တစ်ရှူးငှက်ပျောလို နောက်ကွယ်က ပြဿနာတွေ ဖြစ်လာမှာကို အခုအခါ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

BBC Burmese
https://www.bbc.com
တရုတ်ဖရဲစိုက်ခင်းများနောက်ကွယ်က ပြဿနာတွေ တရုတ်ဖရဲစိုက်ခင်းများနောက်ကွယ်က ပြဿနာတွေ Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.