နမ့်ဆန်မြို့ မြန်မာ့တပ်မတော်နှင့် TNLA တိုက်ပွဲ ပြင်းထန်ဖြစ် ဒေသခံ စိုးရိမ်ထိတ်လန့်


စက်တင်ဘာ ၁၃၊၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ တွင် ယနေ့(စက်တင်ဘာ ၁၃)ရက်၌ မြန်မာ့တပ်မတော် နှင့် တအင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်(TNLA) တို့ တိုက်ပွဲများပြင်းထန်သဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းရရှိသည်။

နမ့်ဆန်မြို့ တောင်ရိုးဘုရားပေါ် တွင် ယနေ့ မနက် ၇ နာရီ ဝန်းကျင် မှ စတင်လိုက်သည့် တိုက်ပွဲတွင် လက်နက်ကြီးများ၊ လေယာဉ်များ အသုံးပြု ပြီးတိုက်ခိုက်မှုများရှိနေသဖြင့် နမ့်ခမ်းဒေသခံများ စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း ဒေသခံ အမျိုးသမီး လွေးအေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“တိုက်ပွဲတွေက ညနေ ၃နာရီ ကျော်ထိ ဖြစ်တယ်။ လက်နက်ကြီးသံတွေအကျယ်ကြီးပဲ။ လေယာဉ်ရော တက်လာတယ်။ အိမ်တွေ အားလုံး ပိတ်ထားတယ်” ဟု လွေးအေး က ဆိုသည်။

တိုက်ပွဲများ ပြင်းထန်မှုကြောင့် နမ့်ဆန်ဒေသခံများ အိမ်တွင်းသို့ သာ ပုန်းရှောင်နေကြရကြောင်း၊ တိုက်ပွဲများ ဆက်လက်မဖြစ်ပွားအောင် ဆုတောင်းနေရကြောင်း လည်း လွေးအေး က ပြောသည်။

“ ဒီနေ့ တိုက်ပွဲ က ပြင်းထန်တယ်လို့ပြောရမယ်။ မနက် ၇နာရီကနေ နေ့လည် ၁၂ထိ တောင်ရိုးနဲ့ ဟိုချောင်းကျေးရွာဘက် ဖြစ်တယ်။ ခဏနားပြီးတော့ ၂နာရီ ကျော်မှာ တပ်ဘက်က လေယာဉ်နဲ့ လာပစ်တယ်” ဟု TNLA မှ ပြောရေး ဆိုခွင့်ရှိသူ တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ တိုက်ပွဲ ငြိမ်နေသော်လည်း စစ်ရေး တင်းမာမှုများရှိနေသေးကြောင်း၊ အချိန်မရွေးဆက်လက်ဖြစ်ပွားနိုင်ကြောင်းလည်း တားအိုက်ကျော် က ပြောသည်။

ယခုလ စက်တင်ဘာ ၁၆၊ ၁၇ ရက်နေ့တွင် TNLA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ကို ကျိုင်းတုံ တွင် ထပ်မံတွေ့ဆုံရန် အတွက် ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ် အဖွဲ့ က ကမ်းလှမ်းထားသည်။

ထို့ကြောင့် တားအိုက်ကျော် က “ လက်နက်ကြီးတွေနဲ့ရံဖန်ရံခါ ပစ်ခတ်မှုတွေ ဖြစ်တယ်။ တိုက်ပွဲကလည်း ဆွေးနွေးပွဲက အခက်အခဲရှိစေနိုင်တယ်။ တဖက်နဲ့ တဖက် ယုံကြည်မှုနဲ့လည်းလျော့နည်းစေပါတယ်” ဟု ပြောသည်။

နမ့်ဆန် တိုက်ပွဲ နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းမှု ကြိုးစားသော်လည်း မရခဲ့ပါ။

သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့သည် သြဂုတ် ၁၅ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ယနေ့တိုင် ဆက်တိုက်ဖြစ်ပွားကာ အရပ်သား သေဆုံးမှု ၁၀ဦး အထက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆ဦး အထက်ရှိကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
နမ့်ဆန်မြို့ မြန်မာ့တပ်မတော်နှင့် TNLA တိုက်ပွဲ ပြင်းထန်ဖြစ် ဒေသခံ စိုးရိမ်ထိတ်လန့် နမ့်ဆန်မြို့ မြန်မာ့တပ်မတော်နှင့် TNLA တိုက်ပွဲ ပြင်းထန်ဖြစ် ဒေသခံ စိုးရိမ်ထိတ်လန့် Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.