ပယင်းမှော်တွေနဲ့ပတ်သက်လို့ KDNG အစီရင်ခံစာထုတ်ပြန်

Photo: REUTERS
သိပ္ပံပညာအရအရေးပါတဲ့ ပယင်းမှော်တွေကို မြန်မာစစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ KDNG ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိတဲ့အကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် New Scientist စာစောင်က မနေ့က ဖော်ပြလိုက်ပါတယ်။

ပယင်းတွေထဲမှာ ဒိုင်နိုဆောအမြီး၊ ငှက်မွှေး၊ အိမ်မြှောင်၊ ဖားနဲ့ တခြား ပိုးမွှားတွေ အပါအဝင် လွန်ခဲ့တဲ့ နှစ် ၉၉ သန်းက တခြားကျောရိုးမဲ့ သတ္တဝါတွေ ပိတ်မိနေပါတယ်။ ဒါဟာ သိပ္ပံပညာ သဘောတရားအရ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဖြစ်ပြီး အဲဒီလိုပစ္စည်းမျိုးတွေ ရာနဲ့ချီလို့ ကချင်ပြည်နယ်က ပယင်းမှော်တွေကနေ ထွက်နေပါတယ်။

၂၀၁၇ ခုနှစ်ထိ ဒေသခံတွေနေထိုင်ရာမှာ၊ မြန်မာတပ်က ထိုးစစ်ဆင်လို့ အရပ်သားတွေ ထွက်ပြေး တိမ်းရှောင်သွားရပြီးတဲ့နောက် ပယင်းမှော်တွေကို တပ်က ထိန်းချုပ်လိုက်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တွင်းထွက်သယံဇာတ တရားမဝင်တူးဖော်တာတွေကို ရပ်ဆိုင်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းတယ်လို့ အစိုးရက ကြေညာပေမယ့် စစ်တပ်ဟာ ဟူးကောင်းတောင်ကြားမှာ စည်းမဲ့ကမ်းမဲ့ ပယင်းတူးနေတယ်လို့ KDNG ကပြောပါတယ်။ တရုတ်နိုင်ငံကို ပယင်းတွေရောက်နေပြီး တစ်နှစ်ကို ဒေါ်လာ သန်းတစ်ထောင်ဖိုးလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာ့ပယင်းရောင်းဝယ်မှုနဲ့ပတ်သက်လို့ New Scientist အဖွဲ့က မေလမှာ ထုတ်ပြန်ခဲ့သလို၊ အမေရိကန်သဘာဝ သမိုင်းပြတိုက်က ကျွမ်းကျင်သူကလည်း မြန်မာ့ပယင်းတွေကို မဝယ်ဘဲ သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လန်ဒန်မြို့ မြန်မာသံရုံးရဲ့ မှတ်ချက်ရဖို့ ဆက်သွယ်ပေမယ့် အကြောင်းမပြန်ဘူးလို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပယင်းမှော်တွေနဲ့ပတ်သက်လို့ KDNG အစီရင်ခံစာထုတ်ပြန် ပယင်းမှော်တွေနဲ့ပတ်သက်လို့ KDNG အစီရင်ခံစာထုတ်ပြန် Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.