မူဆယ် -တရုတ်နှင့် မြန်မာ နယ်စပ်ကုန်သွယ်ရေး အရောင်းဝယ်ပုံမှန် ပြန်ဖြစ်

 တစ်ရက်ကို အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင်လောက် ကုန်သွယ်ရေးမှာဆုံးရှုံးမူတွေရှိ
တပ်မတော်နဲ့ မြောက်ပိုင်းလက်နက်ကိုင်တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ရက်ပေါင်း ၂၀ နီးပါး အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ မူဆယ်မြောက်ပိုင်း လမ်းဟာ စက်တင်ဘာလ ၆ ရက်နေ့ ကစပြီး ပြန်ကောင်းသွားပြီလို့ မူဆယ် အခြေစိုက် အရှေ့မြောက်တံခါး အများပိုင် ကုမ္မဏီရဲ့ အမှုဆောင်ရှိချုပ် ဦးအောင်ကျော်မိုး က ဘီဘီစီကို ပြောပါတယ် ။

"အစပိုင်းကတော့ နည်းနည်း လေးလန့်နေကြသေးတယ် ၊တိုက်ပွဲတွေကြောင် အခြေနေကြည့်ပြီး သွားလာနေကြသေးတယ်၊အခုတော့ လမ်းမှာပိတ်မိနေတဲ့ ကားတွေလည်း မရှိတော့ဘူး အရောင်းအဝယ်လည်း ပုံမှန်ပြန်ဖြစ်နေပါပြီ"လို့လည်း သူကပြောပါတယ် ။

သြဂုတ်လ ၁၅ ရက်နေ့ကတည်းက ဖြစ်လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၂၇ ဦးဒဏ်ရာရခဲ့တယ်လို့ HRW (လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့) ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်မှာ သြဂုတ် ၁၅ ရက်နေ့ စပြီး ကုန်သွယ်မှုလုပ်ငန်းတွေ ရပ်နားထားတာဖြစ်ပြီးတော့ ဒီလိုရပ်နားထားရမှုကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင်လောက် ကုန်သွယ်ရေးမှာဆုံးရှုံးမူတွေရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန က လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ဘီဘီစီကို ပြောပါတယ်။

မိုင်းခွဲခံရတဲ့တံတားတွေ ဘေလီထိုးပြီးနောက်တန် ပိုရလာ
လမ်းကလုံးဝကောင်းသွားပြီလား

လားရှိုးကကုန်သည်တွေနဲ့ မူဆယ် ကုန်စည်ဒိုင်က ကုန်သည်တွေဆီက သတင်းတွေအရ ကတော့ တိုက်ပွဲတွေကြောင့်တံတားတွေကျိုး လမ်တွေပိတ်နေခဲ့တဲ့ လားရှိုး- မူဆယ်လမ်းဟာ လုံးဝ ပြန်ကောင်းနေပါပြီ။

လမ်းကောင်းသလို ကားတွေ အသွားလာကလည်း အရင်ကထက် များနေတယ် လို့လည်း ကုန်သည်တွေက ပြောပါတယ်။

"လမ်းကောင်းသလို ကားခတွေလည်းဈေးကောင်းတယ်၊ လားရှိုး-မူဆယ် ကို ဆွဲနေတဲ့ ကားလေးတွေ က အရင်ရှေ့ခန်း တစ်သောင်းခွဲ နောက်ခန်းတစ်သောင်း က အခု ရှေ့ ၄ သောင်း နောက် ၃ သောင်းဖြစ်နေ တယ် ကုန်တင်ခတွေလည်း ဈေးတက်တယ် " လို့လည်းလားရှိုးကကုန်သည်တွေကပြောပါတယ် ။

လားရှိုး- ကွတ်ခိုင်-မူဆယ်လမ်းအတက် နမ့်ကွတ်ကျေးရွာအကျော် ကျေးလက်ဆေးပေးခန်းအောက်မှာ တော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က အိမ်စီးကားတွေအပါအဝင် ကား၇ စီးမီးရှို့ ဖျက်စီးခံခဲ့ရပါတယ်။

ကားတွေ မီးရှို့ခံရပြီးကတည်းက ကားခတွေဈေး တက်တာလို့လည်း လားရှိုးမြို့ခံ ကိုညီညီကပြောပါတယ်။

 နောင်ချိုတံတား ၄၈ တန် အထိ စက်တင်ဘာ ၈ ရက်နေ့ စခွင်ပြု
အရောင်းအဝယ် အခြေအနေ ဘယ်လိုလဲ

မူဆယ်နယ်စပ် အရောင်းအဝယ်တွေ အခြေအနေ ကတော့ အားလုံးပုံမှန်ဖြစ်နေပြီ လို့လည်း အရှေ့မြောက်တံခါး အများပိုင် ကုမ္မဏီရဲ့ အမူဆောင် အရာရှိချုပ် ဦးအောင်ကျော်မိုး ကပြောပါတယ်။

နယ်စပ်ကုန်သည်တွေ က အခုလို ရောင်းဝယ်ဖို့ ယုံကြည်မှု ပြန်ရလာတာဟာ မြောက်ပိုင်းအဖွဲ့တွေ ထုတ်ပြန်တဲ့ ထိုးစစ်တွေနားမယ် လို့ ထုတ်ပြန်ချက်ကြောင့်လည်းပါတယ် လို့သူကပြောပါတယ်။

စက်တင်ဘာ ၆ ရက်စပြီး လူတွေစိတ်ချလက်ချ သွားလာနေကြပြီလို့ လည်း မူဆယ် အခြေစိုက်ကုန်သည်တွေကပြောပါတယ်။

ဆန်အပါအဝင် မြန်မာ့ဘက် ကလယ်ယာထွက်ကုန်တွေ မူဆယ်ဘက်ကို အဝင်များပေမယ့် တရုတ်ဘက်က ကုန်သည်တွေ အလာနည်းနေသေးတယ် လို့ လည်း ဦးအောင်ကျော်မိုး က ပြောပါတယ်။

ပို့ကုန်ရော သွင်းကုန်ရော ခရီးသွားလာမှုရော ပုံမှန် အခြေအနေ ဖြစ်နေပါပြီလို့လည်း သူကပြောပါတယ်။
 မြန်မာရေထွက်ပစ္စည်းတွေ ကတော့ အရောင်းဝယ်ကောင်း
ဘာတွေရောင်းကောင်းပြီး ဘာတွေ ရောင်းမကောင်းဘူးလဲ

အခုရက်ပိုင်းက တရုတ်ကို ဖရဲသီး သခွားသီးတင်ပို့တဲ့ ရာသီဆိုပေမယ့် မနှစ်ကလောက်တော့ ဖရဲသခွားတွေ အရောင်းဝယ် မကောင်းဘူးလို့ပြောပါတယ်။

"ဆန်ကလည်း မူဆယ်မှာရှိနေသေးတယ်၊ အစိုးရချင်း လက်မှက်ထိုးထားတဲ့ ပမာဏလောက်ပဲ သွားနေကြသေးတယ် "လို့လည်း မူဆယ်နယ်စပ်ကုန်သည်တွေကပြောပါတယ်။

ဒါပေမယ့်လည်း ရေထွက်ပစ္စည်းတွေ ကတော့ အရောင်းဝယ်ကောင်းပြီး အဓိက အဝယ်လိုက်နေပါတယ် ။

သူတို့အရောင်းအဝယ်ကောင်းတယ်လို့ပြောတဲ့ ရေထွက်ပစ္စည်းတွေ ကတော့ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံးထွက်တဲ့ ကဏန်း နဲ့ ငါးရှဥ့်တွေဖြစ်တယ်လို့ပြောပါတယ် ။

အခုရက်ပိုင်းဟာ ပို့ကုန်ထက် သွင်းကုန်များတဲ့ ကာလဖြစ်ပြီးတော့ တရုတ်ဘက် က မြန်မာနိုင်ငံထဲကို ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းတွေ အပြင် သံနဲ့ သံမဏိတွေပါ တင်ပို့နေတယ် လို့လည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဘယ်အဖွဲ့က မှ ကားမီးရှို့တာဝန်မခံ
ကုန်ကားတွေမီးရှို့တာ ဘယ်သူလဲ

တပ်မတော်ရော မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေကပါ နှစ်ဘက်စလုံး က ကားမီးရှို့တာတွေနဲ့ ပတ်သက်ပြီး ဝန်ခံတာ မတွေ့ရသေးပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နဲ့ မူဆယ်အကြား ပြည်ထောင်စုလမ်းမကြီးအပိုင်း ဟိုတောင်နဲ့ နမ့်ကွတ်ရွာအကြားမှာ အရပ်ဘက်က ကားတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့အဖွဲ့က လုပ်ခဲ့တာ မဟုတ်ဘူးလို့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလိုပြောတဲ့အပေါ်မှာပဲ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ညီနောင်သုံးဖွဲ့က သူတို့ လုပ်ခဲ့တဲ့အပေါ် ဘယ်တော့မှ ဝန်ခံလေ့ မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ကုန်တင်ကားအပါအဝင် ဖျက်ဆီးခံရတဲ့ အရပ်ဘက် ကားစုစုပေါင်း ၁၆ စီးရှိတယ်လို့လည်း နယ်စပ် အခြေစိုက် ကားသမားတွေက ပြောပါတယ်။

စက်တင်ဘာ ၅ရက်နောက်ပိုင်း တိုက်ပွဲတွေမရှိတော့ဘဲ လားရှိုးမြို့ပေါ်က စစ်ရှောင်တွေအားလုံးလည်း သူတို့ ရွာတွေ ကိုပြန်သွားကြပြီလို့ စစ်ရှောင်တွေကို အကူညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကိုညီညီက ဘီဘီစီကို ပြောပါတယ်။

ဒါအပြင်တိုက်ပွဲတွေဖြစ်ခဲ့ တဲ့ နန့်ပေါင် ဘက် မှာလည်း စစ်ဘေးရှောင်တွေ မရှိတော့ဘူးလို့လည်း ကိုညီညီ ကပြောပါတယ်။

ကွတ်ခိုင် မှာတော့ စစ်ဘေးရှောင် ၁၂၀၀ လောက်ကျန်နေပါသေးတယ်။

မိသားစုဝင် ၅ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတဲ့ မော်ဟစ်ရွာမှာတော့ လူတွေဟာစိုးရိမ်မှုတွေရှိနေဆဲဖြစ်တယ်လို့လည်း ကိုညီညီ ကပြောပါတယ်။

စစ်ဘေးရှောင်သူတွေထောင်ချီကျန်သေး

ဘယ်သူတွေထိခိုက်နစ်နာ လဲ

ရက်ပေါင်း၂၀ လောက် နီးပါးကြာတဲ့ မြန်မာတရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပြတ်တောက်မှုဟာ အနည်းဆုံးဒေါ်လာ သန်း၂၀၀ လောက် နှစ်ဖက်ထိခိုက်နစ်နာခဲ့တယ် လို့ လည်းဦးအောင်ကျော်မိုးက ပြောပါတယ်။

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှာ အရင်က တစ်ရက်ကို အမေရိကန်ဒေါ်လာခြောက်သန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီးတော့ ချင်းရွှေဟော် ကတော့ ယခင်က တစ်ရက်ကို အမေရိကန်ဒေါ်လာတစ်သန်းကျော် ကုန်သွယ်မှုဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီတိုက်ပွဲကြောင့် မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု ကုန်သွယ်မှု ရပ်ဆိုင်းနေခဲ့တာဖြစ်ပြီးတော့ ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေ အတွက ကုန်ကြမ်းတင်သွင်းတဲ့ လမ်းကြောင်းပါထိခိုက်မှုတွေရှိခဲ့တယ်လို့ လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကဘီဘီစီကို ပြောပါတယ်။

"အထိခိုက် အခံစားရဆုံးကတော့ပြည်သူတွေပေါ့ဗျာ အသက်အိုးအိမ်တွေ ဆုံးရှုံးရသလို တောင်သူကစပြီး ကားသမားအလယ် ကုန်သည် အဆုံး နယ်စပ်ကုန်သွယ်ရေးနဲ့ ပက်သက်ပြီးမှီခိုနေ သူတွေအများကြီးရှိတယ် "လို့လည်း နယ်စပ်ကုန်သည် တစ်ဦးကပြောပါတယ်။

ဒီအခြေနေတွေဆက်ပြီးတည်ငြိမ်နေဖို့ ကတော့ နှစ်ဘက် လက်နက်ကိုင် အဖွဲ့တွေပေါ်မှာ မူတည်ပြီးတော့ ဒေသငြိမ်းချမ်းမှ ပဲ ကုန်သွယ်မှုတွေက ပုံမှန်ပြန်ဖြစ်နိုင်မယ်လို့လည်းဦးအောင်ကျော်မိုး ကပြော ပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သား ၇၅၀ဝ နီးပါး အိုးအိမ်စွန့်ခွာခဲ့ရသလို လူပေါင်း ၃၅၀ဝ နီးပါးဟာလည်း စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com
မူဆယ် -တရုတ်နှင့် မြန်မာ နယ်စပ်ကုန်သွယ်ရေး အရောင်းဝယ်ပုံမှန် ပြန်ဖြစ် မူဆယ် -တရုတ်နှင့် မြန်မာ နယ်စပ်ကုန်သွယ်ရေး အရောင်းဝယ်ပုံမှန် ပြန်ဖြစ် Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.