ကရင်အာဇာနည်နေ့ ကျင်းပလို့ ဒေါ်နော်အုန်းလှကို ငြိမ်းစုစီပုဒ်မနဲ့ ရုံးထုတ်

 ဒေါ်နော်အုန်းလှကို စက်တင်ဘာ ၉ ရက်နေ့က ကျောက်တံတားရဲစခန်းက လာရောက်ဖမ်းဆီးခဲ့ပါတယ်
ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှကို ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မှာ ဦးဆောင်ကျင်းပခဲ့တာကြောင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂၀ နဲ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ စက်တင်ဘာလ ၁၀ ရက်နေ့ညနေပိုင်းမှာ ရုံးထုတ်စစ်ဆေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

"အာမခံက အလုပ်ရှုပ်တယ်၊ ကိုယ်ပိုင်ခံဝန်ပဲ ယူမယ်၊ ကိုယ်ပိုင်ခံဝန် မရရင် ထောင်ထဲမှာ ရမန်ယူပြီး သွားနေမယ်" လို့ ကျောက်တံတားတရားရုံးရှေ့မှာ စောင့်နေရင်း ဒေါ်နော်အုန်းလှက ဘီဘီစီကို ပြောပါတယ်။

ကရင့်အာဇာနည်နေ့ ချီတက်ကြပုံ
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တားမြစ်ခဲ့ပါတယ်။

"အခမ်းအနားအတွက် ငြိမ်းစုစီ တင်တဲ့အခါမှာ မြို့နယ်မှူးက ခေါ်ပြီးတော့ ကရင်အာဇာနည်နေ့ကို မတက်ဖို့ ပြောတယ်၊ အဲ့တော့ အကြောင်းပြချက်ပေးပါ၊ မပေးနိုင်ရင်တော့ ဆက်လုပ်ရမှာပေါ့၊ အဲ့တော့ လက်မှတ်ထိုးခဲ့ရတာပေါ့နော်၊ အခမ်းအနားလုပ်ပြီးတဲ့အခါကျတော့ ကျမကို ခေါ်တယ်၊ အဲ့တော့ မသွားခဲ့ဘူးလေ" လို့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး ကွယ်လွန်ခဲ့တဲ့ ၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အဲ့ဒီနေ့ ရောက်တိုင်း ကရင်တိုင်းရင်းသားတွေက အခမ်းအနားတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

 ကျောက်တံတားမြို့နယ် တရားရုံးရှေ့က ဒေါ်နော်အုန်းလှ
အခုနှစ် ရန်ကုန်က အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ ဒေါ်နော်အုန်းလှကို စက်တင်ဘာ ၉ ရက်နေ့က ကျောက်တံတားရဲစခန်းက လာရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်မှုနဲ့ ပတ်သက်လို့ Karen Concerned Group က ကန့်ကွက်ရှုတ်ချကြောင်းလည်း စက်တင်ဘာ ၁၀ ရက်နေ့မှာ စာထုတ်ခဲ့ပါတယ်။

ဒါဟာ ကရင့်တမျိုးသားလုံးကို ထိပါးစော်ကားစိန်ခေါ်လိုက်တာ ဖြစ်ကြောင်းနဲ့ ကရင်လူမျိုးတွေအနေနဲ့ သတ္တိရှိရှိနဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့ လိုနေပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

BBC Burmese
https://www.bbc.com
ကရင်အာဇာနည်နေ့ ကျင်းပလို့ ဒေါ်နော်အုန်းလှကို ငြိမ်းစုစီပုဒ်မနဲ့ ရုံးထုတ် ကရင်အာဇာနည်နေ့ ကျင်းပလို့ ဒေါ်နော်အုန်းလှကို ငြိမ်းစုစီပုဒ်မနဲ့ ရုံးထုတ် Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.