ပုဏ္ဏားကျွန်း အထက်မြတ်လေး စစ်ဘေးရှောင် စခန်းမှာ ရိက္ခာပြတ်

၁၀ လ အတွင်း အစိုးရ ကူညီထောက်ပံ့တာ သုံးခါလောက်ပဲ ရတယ်လို့ဆို

ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေး စစ်ရှောင်စခန်းမှာ ရိက္ခာပြတ်နေလို့ နောက်သုံးရက်လောက်အတွင်းမှာ စားသောက်ရေးအခက်အခဲ ဖြစ်တော့မယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစခန်းဟာ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ တပ်မတော်နဲ့ ရခိုင်တပ်မတော် အေအေ တို့အကြား တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ အချိန်က ထွက်ပြေးလာခဲ့ကြတဲ့ မြို နဲ့ ဒိုင်းနက်လူမျိုးတွေ နေထိုင်တဲ့ စခန်း ဖြစ်ပါတယ်။

ဒီစခန်းမှာ အိမ်ထောင်စု ၁၅၇ စု၊ လူဦးရေ ၇၅၀ ကျော် နေထိုင်နေပါတယ်။

ထွက်ပြေးရောက်ရှိနေတဲ့ ၁၀ လတာကာလအတွင်းမှာ အဲဒီစခန်းကို အစိုးရက ထောက်ပံ့ကူညီတာ သုံးကြိမ်လောက်ပဲ ရှိသေးပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေကို အားကိုးပြီး ရပ်တည်နေခဲ့ကြရတာ ဖြစ်တယ်လို့ စခန်းကော်မတီက ပြောပါတယ်။

"ရိက္ခာအခြေအနေက အခုလောလောဆယ်မှာ ဆန် ၁၀ အိတ်တည်းကျန်ပါတယ်။ အဲ့ဒီဆန်ကို ဝေငှပေးဖို့ မလောက်ငလို့ ရပ်တန့်ထားရပါတယ်။ လူဦးရေက ၇၅၀ ရှိတယ်။ တစ်ပတ်ကို ဆန် ၈၄ အိတ်လိုအပ်ပါတယ်။ တစ်လဆိုရင်တော့ ၃၀၀ ကျော်လိုအပ်ပါတယ်။ အရင်က ရထားတဲ့ဆန်တွေက ICRC/UNDP တို့ကလာပေးတယ်။ ပြီးတော့ လူမှုအဖွဲ့အစည်းတွေက ပေးတယ်" လို့ စခန်းကော်မတီဝင် ဦးအောင်လှရွှေက ပြောပါတယ်။

Myint Lwin
စက်တင်ဘာလ ၇ ရက်နေ့က နောက်ဆုံးအကြိမ်အဖြစ် လူတစ်ဦးကို ဆန်နှစ်ပြည်စီ ဝေငှပေးခဲ့ပြီး နောက်ထပ်ပေးဝေဖို့အတွက် ဆန်လက်ကျန်မလုံလောက်တော့ဘူးလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ ကော်မတီက ဝေပေးထားတဲ့ဆန်ဟာ သုံးရက်စာလောက်ပဲ ကျန်တော့တာကြောင့် အဲ့ဒီဆန်တွေကုန်ရင် ထမင်းငတ်နိုင်ကြောင်းနဲ့ အသိမိတ်ဆွေမရှိ၊ ဝင်ငွေမရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အတော်လေး အခက်အခဲနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ အဲဒီစခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသက စစ်ရှောင်လာသူတွေနေတဲ့ စခန်းမှာ ရိက္ခာပြတ်
"သားသမီးတွေ မိုးလင်းတာနဲ့ စားဖို့သောက်ဖို့အတွက်ကို စိုးရိမ်တာပေါ့။ သူတို့က မုန့်တွေ ဘာတွေလည်းမစားရဘူး။ ကျောင်းတက်ဖို့ အချိန်တန်နေပြီ ထမင်းမချက်ရသေးဘူး။ ကျွန်မတို့က ဆန်တစ်ခုတည်းကိုပဲဖြစ်ဖြစ် ချက်ပြုတ်ပြီး အဆင်ပြေအောင် စားသွားစေချင်တာပေါ့" လို့ အဲဒီစခန်းမှာ နေထိုင်တဲ့ ဒေါ်လှသာနုက ပြောပါတယ်။

ပြည်နယ်အစိုးရက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီပေးရေးအတွက် အလှူငွေကောက်ခံမှုတွေကို တားဆီးတာတွေ၊ ခွင့်ပြုချက်မပေးတာတွေနဲ့ တရားစွဲဆိုခံရတာတွေ ရှိနေတဲ့အတွက် အဖွဲ့အစည်းတွေ အနေနဲ့လည်း ထောက်ပံ့ကူညီမှုတွေကို ရပ်နားနေကြရတာကြောင့် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေမှာ ရိက္ခာပြတ်နေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ပုဏ္ဏားကျွန်း အထက်မြတ်လေး စစ်ဘေးရှောင် စခန်းမှာ ရိက္ခာပြတ် ပုဏ္ဏားကျွန်း အထက်မြတ်လေး စစ်ဘေးရှောင် စခန်းမှာ ရိက္ခာပြတ် Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.