ရန်ကုန် ဇေကမ္ဘာဝင်းမှာ ပိတ်ထားတဲ့လမ်း ပြန်ဖွင့်ပြီ

(ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ဇေကမ္ဘာက လမ်းပိတ်ထားမှုကိုလာရောက်ကြည့်ရှုစစ်ဆေးစဉ်)
ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီး ယာဉ်မောင်းသူတွေအတွက် သတင်းကောင်းတစ်ပုဒ် ရှိပါတယ်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ၀င်းထဲမှာ ပိတ်ဆို့ထားတဲ့လမ်းတွေ ပြန်ဖွင့်နိုင်ရေး ဒီမနက် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးလိုက်ပါတယ်။

ဇေကမ္ဘာ၀င်းရဲ့ ပိုင်ရှင်က စီးပွားရေးလုပ်ငန်းရှင် ဦးခင်ရွှေ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်လောက်က ဇေကမ္ဘာအိမ်ယာဝင်းအနီး ကုန်တင်ယာဉ်တစ်စီးပေါ်မှာ ကျပ် သိန်းပေါင်း တစ်သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ဖူးပါတယ်။

ဦးခင်ရွှေက လမ်းကိုပိတ်ထားတာဟာ မူးယစ်ဆေးဝါးနဲ့ မသမာသူတွေရဲ့ အန္တရာယ်ကြောင့် ဖြစ်တဲ့အကြောင်း ပြောပြတယ်လို့ NLD ပါတီရဲ့ မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆိုပါတယ်။ ဒီမနက် မြို့တော်ဝန် သွားရောက်ပြီး တစ်နာရီခွဲကြာ ညှိနှိုင်းရာမှာ သူနဲ့ ဒေသတွင်း လွှတ်တော်အမတ်တချို့လည်း ရှိနေပါတယ်။

အဲဒီလမ်းဟာဆိုရင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်နဲ့ အမှတ် ၃ လမ်းမကြီးကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။

ဖြတ်လမ်းအနေနဲ့ အသုံးပြုကြတဲ့ အဲဒီလမ်း ပိတ်ထားတာကြောင့် အမှတ် ၃ လမ်း၊ အောင်မင်္ဂလာအဝေးပြေးနဲ့ ခြောက်ကွေ့မှတ်တိုင်၊ သုဓမ္မာလမ်းတလျှောက်မှာ ယာဉ်ကြောပိတ်ဆို့တာ တော်တော်များများ ရင်ဆိုင်ခဲ့ကြရပါတယ်။

အခုတော့ လမ်းပွင့်သွားခဲ့ပါပြီ။

RFA Burmese
https://www.facebook.com/rfaburmese
ရန်ကုန် ဇေကမ္ဘာဝင်းမှာ ပိတ်ထားတဲ့လမ်း ပြန်ဖွင့်ပြီ ရန်ကုန် ဇေကမ္ဘာဝင်းမှာ ပိတ်ထားတဲ့လမ်း ပြန်ဖွင့်ပြီ Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.