ငါးနှပ်မှာ သဘာဝ အလျှောက် ဖော်မလင် ပါဝင်နေသလား

နူးညံ့လှတဲ့ ငါးနှပ်က တောင့်တင်း အရောင်ပြောင်း အနံ့ကလည်း ဓါတုဆေးနံ့ ထွက်နေရင် ဖော်မလင် အန္တရာယ် သတိပြုသင့်
ငါးနှပ်တွေမှာ ဖော်မလင် စစ်ဆေးတွေ့ရှိရတဲ့ အတွက် မွန်ပြည်နယ်မှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက သိမ်းဆည်း ဖျက်စီး ခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အခြေခံ လူတန်းစားတွေ အနေနဲ့ အဖိုးနည်း ၀န်ပါ ဒီလို ငါးနှပ်မျိုးတွေကို အားကိုး စားသုံးနေရချိန်မှာ တဖက်ကလည်း အခုလို ဖော်မလင် အန္တရာယ်ကို စိုးရိမ်မှု တိုးလာနေပါတယ်။

အရပ်အခေါ် အာဗြဲခြောက်လို့ ခေါ်တဲ့ ငါးနှပ်ခြောက် ပုံတွေမှာ အရင်ကဆိုရင် ညှီနံ့တလှိုင်လှိုင်နဲ့ ယင်ကောင် အများအပြား တွေ့ရပေမယ့် အခုဆိုရင် ညှီနံ့ကင်း ယင်ကောင်ရှင်းလာတဲ့ အပေါ် လူတွေရဲ့ သံသယ ကလည်း ကြီးထွား လာနေပါတယ်။

ငါးနှပ်မှာ သဘာဝ အလျှောက်ကိုက ဖော်မလင်ပါနေတယ် ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပေမယ့် ဘယ်စားသောက်ကုန်မျိုး မဆို ဖော်မလင် 0.01 PPM ထက် ကျော်ရင်ကို လက်ခံနိုင်စရာ မရှိဘူးလို့ အစာ အဟာရ သိပ္ပံနဲ့ နည်းပညာ အသင်းရဲ့ အလုပ်အမှုဆောင် ဒေါက်တာ ကျော်ငြိမ်းအေးက ပြောပါတယ်။

ငါးနှပ်မှာ ဖော်မလင် ပါဝင်မှုကို FDA အနေနဲ့ Positive / Negative သာ စစ်ဆေးနိုင် ပါဝင်မှု ပမာဏကို မသိနိုင်သေး
ဆိုလိုတာကတော့ လူတွေ ထည့်ထားတဲ့ ဘယ်ပမာဏမျိုး မဆို လက်ခံ နိုင်စရာကို မရှိဘူး ၊ စားသောက်စရာတွေမှာ ဖော်မလင် ပါဝင်မှုကို လက်မခံနိုင်ဘူးလို့ သူက ဆိုပါတယ်။

အများပြောနေကြသလို ငါးနှပ်မှာ သဘာဝ အလျှောက် ဖော်မလင် ပါတယ်ဆိုနေကြပေမယ့် တကယ်တော့ ဖော်မလင် အနေနဲ့ ပါတာမျိုး မဟုတ်ဘဲ လူ ၊ သတ္တဝါ ၊ တိရစ္ဆာန်တွေ သေကြေ ပျက်စီး တဲ့အခါ မီသိန်း ၊ ယူရီးယား ၊ နိုက်ထရိုဂျက် လို ဓါတ်ငွေ့တွေ ထွက်တဲ့အခါ ဖော်မလင်ရဲ့ ဓါတု နာမယ် ဖြစ်တဲ့ ဖော်မယ်လ် ဒီဟိုက် ဆိုတဲ့ ဒြပ်ပေါင်း က အဲဒီအထဲမှာ နည်းနည်း ရောပါတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဒေါက်တာ ကျော်ငြိမ်းအေးက ရှင်းပြပါတယ်။

လက်ရှိ မြန်မာ နိုင်ငံက စားသောက်ကုန်တွေမှာ တွေ့ရတဲ့ ဖော်မယ်လ် ဒီဟိုက် ဟာ သဘာဝ အလျှောက် ရှိနေတဲ့ အနေအထားမျိုး Pure Substance အနေနဲ့ ရှိနေတာ မဟုတ်ဘဲ တခြား compound တွေနဲ့ ဒြပ်ပြုပြီး complex form အနေနဲ့ ရှိနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် လူတွေက ထည့်လိုသာ ဖော်မယ်လ် ဒီဟိုက် ဆိုတာ Chemical အနေနဲ့ ရှိတာ ဖြစ်နိုင်ပြီး သဘာဝ အတိုင်း ဆိုရင် ဘယ်တော့မှ Pure အနေနဲ့ မရှိနိုင်ဘူး ၊ ဓါတ်ခွဲခန်းမှာ စစ်ရင်တော့ ဖော်မယ် ဒီဟိုက် အဖြစ် တွေ့နိုင်ပေမယ့် သဘာဝ အရကတော့ Pure Substance အနေနဲ့ လုံးဝ မဖြစ်နိုင်ဘူးလို့ အစာ အဟာရ သိပ္ပံနဲ့ နည်းပညာ အသင်းရဲ့ အလုပ်အမှုဆောင် ဒေါက်တာ ကျော်ငြိမ်းအေးက ရှင်းပြပါတယ်။

ငါးနှပ်မှာ ဖော်မလင် ဟာ သဘာဝ အလျောက် ဒြပ်စင် အနေနဲ့ သူ့ချည်းသက်သက်ပါတာ မဟုတ်လို့ ပညာရှင် တချို့က ဆို
တိတ်တဆိတ် လူသတ်သမား ဖော်မလင်

မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးဖက် ၊ ပဲပြား ၊ ချက်နို့ဆီ စတဲ့ စားသောက်ကုန်တွေမှာ ဖော်မလင် သုံးကြတာ တွေ့ရပြီး ဒါကို သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မှုတွေ ပြုနေပေမယ့် လူတယောက်ရဲ့ ခန္ဓာကိုယ်ထဲကို တနေ့ကို ဖော်မလင် 15 ppm ၀င်နေမယ် ဆိုရင် ကြာလာပါက ကင်ဆာ ဖြစ်လာနိုင်တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာန ဓါတ်ခွဲခန်းမှူး ဒေါက်တာ ဆုမျိုးသွယ်က ပြောပါတယ်။

ဒါ့အပြင် လူ့ခန္ဓာကိုယ်တွင်း မျိုးရိုး ဗီဇ ဖောက်ပြန် ပျက်စီးလာတာမျိုးတွေ ကြုံရနိုင်တယ်လို့ သူက ဆိုပါတယ်။

ဖော်မလင် ဆိုတာဟာ မာတက်တဲ့ သဘောရှိတော့ ကိုယ်ခန္ဓာမှာ မမာသင့်တဲ့ တစ်သျှူးတွေက မာလာပြီး ခန္ဓာကိုယ် လုပ်ငန်းစဉ်တွေ အလုပ်မလုပ်တာ ဖြစ်လာနိုင်တယ် လို့ သူက ထောက်ပြထားပါတယ်။

လူတယောက်ဟာ ဖော်မလင် များများ စားမိတာနဲ့ ဖြစ်ဖြစ်ချင်း ဗိုက်အောင့် ၊ အန်တာ ၊ သတိလစ်တာတွေ ဖြစ်ကာ ကြာရှည်မှာ အဆုတ်တွေ အစာအိမ်တွေ ကိုယ်တွင်း ကလီစာတွေမှာ ကင်ဆာ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ ဆုမျိုးသွယ်က ရှင်းပြပါတယ်။

 ဖော်မလင် အန္တရာယ် ရင်ဆိုင် နေရတဲ့ ငါးနှပ်

ငါးနှပ်နဲ့ ဖော်မလင်

ငါးနှပ် ဆိုတဲ့ သဘောသဘာဝက ပျော့ပြောင်းတဲ့ သဘောရှိပေမယ့် ဖော်မလင် စိမ်ထားတဲ့ ငါးတွေဟာ မာတောင့် နေသလို နမ်းကြည့်တဲ့ အခါ ဖော်မလင် လို ဓါတုဆေး အနံ့ ထွက်နေတက်တဲ့ အပြင် ငါးရဲ့ အရောင်အသွေး ကိုကြည့်ပြီး ဖော်မလင် ပါဝင်မှုကို အကြမ်းဖျဉ်း အကဲခတ် နိုင်တယ်လို့ ဒေါက်တာ ဆုမျိုးသွယ်က ပြောပါတယ်။

လူသေကောင်တွေကို မပုတ်မသိုးအောင် လုပ်တဲ့အခါ ဖော်မလင်ကို သုံးစွဲ ကြသလို အဲဒီ ဓါတု ပစ္စည်းကိုက စက်မှု လုပ်ငန်းသုံး ဆိုင်ရာ ပစ္စည်း ဖြစ်တာကြောင့် ဥပဒေ အရ သုံးစွဲမှုက အကျုံးမ၀င်ဘူးလို့ ဆိုပါတယ်။

ဖော်မယ်လ် ဒီဟိုက်လို့ ခေါ်တဲ့ ဖော်မလင် ဟာ ရေမှာ ပျော်ဝင် နိုင်ပြီး အချိန်ယူ ချက်ပြုတ်ခြင်း အားဖြင့်လည်း ဒီဓါတု ပစ္စည်းကို ဖယ်ရှား ပစ်နိုင်တယ်လို့ Food Alert ဆိုတဲ့ ဟောင်ကောင်ထုတ် သတင်း ဂျာနယ် တစောင်မှာ ဖော်ပြထားပါတယ်။

စားသုံးသူတွေ အတွက်တိုက်တွန်းချက်

၁။ စံနစ် တကျ ခင်းကျင်းထားပြီး ယုံကြည် စိတ်ချရတဲ့ ဆိုင်တွေကနေသာ ၀ယ်ယူသင့်

၂။ ကိုယ်ဝယ်မယ့် ငါးနှပ်ဟာ စံနစ်တကျ ရေခဲရိုက် ထုပ်ပိုး ထားတာကိုသာ ကြည့်ဝယ်ပါ

၃။ ငါးနှပ်ဟာ အနံ့ အရ လတ်ဆတ် ငါးညှီနံ့ထွက်နေရမယ် ၊ ဓါတုဆေး အနနံ့ မရှိစေဘဲ အရေခွံ အရောင်ကလည်း တောက်နေရမယ်လို့ ဒေါက်တာ ကျော်ငြိမ်းအေး က ပြောပါတယ်။

ချက်ပြုတ် ပြင်ဆင်ဖို့ အကြံပေးချက်

၁။ ငါးကို ၀ယ်လာပြီးတာနဲ့ ချက်ချင်း ချက်တာ ဒါမှမဟုတ် ရေခဲသေတ္တာထဲ တန်းထည့်ပါ

၂။ ချက်မယ် ဆိုရင် ရေဘုံဘိုင်အောက် သေချာ ဆေးကြောတာ ၊ ဒါမှမဟုတ် တခြား သန့်စင်နည်းတွေနဲ့ စံနစ်တကျ သေချာစွာ ဆေးပါ

၃။ ဟင်းချက်တဲ့အ ခါ ၇၅ ဒီကရီ စင်တီဂရိတ် အထက် အပူချိန်နဲ့ အချိန်ယူ ချက်ပြုတ်ပါလို့ ဒေါက်တာ ကျော်ငြိမ်းအေးက တိုက်တွန်းထားပါတယ်။

ငါးနှပ် ရောင်းဝယ်သူတွေ အပေါ် သတိပေးချက်

၁။ ဖော်မယ်လ် ဒီဟိုက် ဆိုတဲ့ ဖော်မလင် ကို အစားအသောက်မှာ လုံးဝ မသုံးစွဲဖို့

၂။ ကိုယ်ရောင်းချမယ့် ငါးတွေကိုလည်း ယုံကြည်စိတ်ချရတဲ့ နေရာကနေ ၀ယ်ယူ သင့်သလို ၊ ဖော်မလင်ကိုလည်း တဆင့်ခံ မသုံးခိုင်းဖို့

၃။ ငါးကို ရေခဲရိုက်တဲ့ အခါမှာလည်း လိုက်နာရမယ့် နည်းစံနစ်တွေ အတိုင်း ရေခဲတလွှာ ငါးတလွှာ မှုန်နေတဲ့ ရေခဲတွေကိုသာ သုံးသင့်တယ်လို့

အစာ အဟာရ သိပ္ပံနဲ့ နည်းပညာ အသင်းရဲ့ အလုပ်အမှုဆောင် ဒေါက်တာ ကျော်ငြိမ်းအေးက အကြံပေးထားပါတယ်။

BBC Burmese
https://www.bbc.com
ငါးနှပ်မှာ သဘာဝ အလျှောက် ဖော်မလင် ပါဝင်နေသလား ငါးနှပ်မှာ သဘာဝ အလျှောက် ဖော်မလင် ပါဝင်နေသလား Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.