၂၀၁၉ Ramon Magsaysay ဆုရှင် ကိုဆွေဝင်းနဲ့ မေးမြန်းခန်း

၂၀၁၉ ရေမွန်မက်ဆေးဆေးဆုရှင်ကိုဆွေဝင်း
အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ Ramon Magsaysay ဆုရှင်အဖြစ် ဒီနှစ်မှာ ရွေးချယ်ခံရသူတွေထဲ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းလည်း ပါဝင်ခဲ့ပါတယ်။ လွတ်လပ်ပြီး၊ ကျင့်ဝတ်သိက္ခာနဲ့ ညီတဲ့၊ လူမှုဘ၀တွေကို ထဲထဲဝင်ဝင် ရေးသားတဲ့ သတင်းစာပညာကို ဆွဲကိုင်သူ၊ တရားမျှတမှုနဲ့ အမှန် တရားကို ရှာဖွေရာမှာ မဆုတ်မနစ် ကြိုးပမ်းခဲ့သူ အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ ၂၀၁၉ ခုနှစ် Ramon Magsaysay ဆုရှင် ကိုဆွေဝင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ဆက်သွယ် မေးမြန်းရာမှာတော့ သူက ရွေးချယ်ခံခဲ့ရတဲ့အပေါ် ခံစားချက်ကို အခုလို စပြောပြပါတယ်။

ကိုဆွေဝင်း။ ။ ဟုတ်ကဲ့။ ကျနော့်ကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က အကြောင်းကြားတယ်။ သတင်းစာပညာအားဖြင့် လူထုကို အကျိုးပြုတယ်ပေါ့၊ လူ့အဖွဲ့အစည်းကို အကျိုးပြုတယ်၊ လူတွေရဲ့ ဒုက္ခ သုက္ခကို သက်သာရာ ရအောင်၊ နောက်ပြီးတော့ မတော်မတရား ခံစားရသူတွေ၊ တရားမျှတမှုကို အတိုင်းအတာတခုအထိ ရအောင် ဆိုပြီး အဲဒီလို ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တဲ့အတွက်ကြောင့် ခင်ဗျားကို ပေးပါတယ်ဆိုပြီး စာနဲ့လှမ်းပို့ပြီး အကြောင်းကြားတာပါ ခင်ဗျ။


ဆုရတာ ဘယ်လို ခံစားရသလဲဆိုတော့ ဆုရတဲ့အခါကျတော့ ကို့ လို့ကန့်လန့်တော့ ခံစားရတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒီတိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေလဲအများကြီးပဲ။ အဲဒီ ဒုက္ခ သုက္ခတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ရာ နိုင်ရာ လုပ်နေတဲ့ သူတွေလည်း တပုံကြီးပဲ။ တချို့လည်း လူမသိဘူး။ တချို့လည်း လူသိကြတယ်။ ဒါမျိုးတွေပေါ့ဗျာ။ လူမသိသူတွေက ပိုများတယ်။ ဒါတပိုင်း။ နောက်တပိုင်းကျတော့ သတင်းမီဒီယာလောကမှာဆိုရင်လည်းပဲ ကျနော်တို့ထက် ပိုပြီးတော့ မှန်မှန်ကန်ကန်၊ နှစ်ရှည်လများ ကိုယ့်ဖာသာကိုယ် ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတဲ့သူတွေက အများကြီး ရှိတယ်လေ။ သတင်းမီဒီယာလောကမှာရော၊ တခြားနယ်ပယ်တွေမှာရော ဟိုးလေးတကျော် မဖြစ်တဲ့အခြေအနေသာလျှင် ရှိသာရှိလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ် ကြိုးကြိုးစားစားနဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုနေတဲ့သူတွေ တပုံကြီးပဲလေ။ အဲဒါကြောင့်မို့လို့ အဲဒီလူတွေထဲကနေပြီးတော့ အရွေးခံရတာကျတော့ သြော်၊ ငါ အမှုဖြစ်လို့ ငါ့ကို လူတွေ့ပြီးတော့မှ အရွေးခံရတာလားဆိုပြီးတော့ စိတ်ထဲက နည်းနည်း မျက်နှာပူစရာကောင်းပါတယ်။

မဆုမွန်။ ။
ဟုတ်ကဲ့။ ဒါပေမယ့် ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နောက် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကိုဆွေဝင်း ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး ကိုဆွေဝင်းရဲ့ သတင်းဆောင်းပါးတွေကတဆင့် ဖော်ထုတ်နိုင်ခဲ့တာတွေ၊ သိခဲ့တာတွေလည်း ရှိတယ်။ ဒီလိုအတွက်ကြောင့် ဒီဆုပေးခြင်းဟာ ကိုဆွေဝင်းရဲ့ လုပ်ဆောင်မှုအပေါ် ပိုပြီးတော့ ခွန်အား ဖြစ်စေလား။ ပြီးတော့ ပိုပြီးလုပ်ရမယ်ဆိုတဲ့ စိတ်ဆန္ဒတွေ ပိုပြီး ပေါ်ပေါက်လာနိုင်လား။

ကိုဆွေဝင်း။ ။ ဟုတ်ကဲ့။ ပိုပြီးတော့မှ စိတ်ပိုင်းဆိုင်ရာ ခွန်အားတော့ ဖြစ်ပေါ်လာစေပါတယ်။ ကိုယ့်အလုပ်ကိုယ်တော့ ပိုပြီးတော့မှ - သြော်၊ ငါ့အလုပ်က အရေးကြီးပါလား၊ တခါတလေကျတော့ ကျနော်တို့က လုပ်သာလုပ်နေရတာလေ။ အဓိကအားဖြင့် ကိုယ်အင်မတန်ဝါသနာပါတဲ့ အလုပ်ဆိုတော့ ကျနော်တို့က တခါတလေကျရင် လူ့အဖွဲ့အစည်းကို အကျိုးပြုချင်တာရော၊ တခါတလေကျရင်လည်းပဲ မြန်မာပြည်မှာ အားလုံးအဆင်ပြေသွားအောင် ကျနော်တို့က အဆင်မပြေတဲ့နေရာကို သွားပြီးတော့ အဲဒီလို လုပ်ရမှ သဘောကျတဲ့ ဗီဇစရိုက်တွေ ရှိနေတာပေါ့။ အဆင်မပြေတဲ့နိုင်ငံမှာ အားလုံးပြေလည်သွားပြီး အဆင်မပြေတာတွေ မရှိတော့ရင် ဒုက္ခ သုက္ခ နိုင်ငံတွေကို သွားပြီးတော့မှ သတင်းရေးမယ်။ အဲဒီလို သဘောမျိုးပေါ့ဗျာ။ တခါတလေကျတော့လည်းပဲ ကျနော်တို့ရဲ့ ၀ါသနာကြောင့်လဲပဲ ကျနော်တို့က လုပ်နေရတယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ လူဆိုတာက အသိအမှတ်ပြုခံရတာကို လူတိုင်းက သဘောကျကြတယ်။ အလားတူပဲ ကျနော်တို့လည်း သဘောကျပါတယ် ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ။ အခုလတ်တလောမှာ ကိုဆွေဝင်းက အမှုရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီးတော့ တရားရုံးက ပလပ်လိုက်တဲ့အတွက် လောလောဆယ်မှာ ကိုဆွေဝင်းကို စွဲဆိုထားတဲ့ အမှုတွေကိုလည်း ရုပ်သိမ်းခဲ့တာတွေ ရှိတယ်ပေါ့။ ဒါပေမယ့် ဒီလို တရားစွဲဆိုမှုတွေ၊ အရေးယူမှုတွေ ကိုယ့်အပေါ် စုံစမ်းစစ်ဆေးမှုတွေလည်း ရှိနေတဲ့အပေါ်မှာရော ကိုဆွေဝင်း ဘယ်လို ဖြတ်သန်းခဲ့တာတွေ ရှိလဲ။

ကိုဆွေဝင်း။ ။ နံပတ် ၁ ကတော့ ကျနော်တို့က အခုလိုမျိုး တိုင်းပြည်က ကမောက်ကမ ဖြစ်နေတဲ့အချိန်၊ ဒုက္ခ သုက္ခရောက်နေတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းအတွက် တခုခု လုပ်ပေးနိုင်တာကို ကျနော်တို့က အင်မတန် ပီတိဖြစ်တယ်။ တရားရုံးမှာဆိုရင် လူတွေရဲ့ ဒုက္ခ သုက္ခတွေကို လေ့လာခွင့်ရတယ်။ တရားသူကြီးတွေရဲ့ အခန်းကဏ္ဍ၊ ဥပဒေအကျိုးဆောင်တွေရဲ့ အခန်းကဏ္ဍ၊ ရှေ့နေတွေရဲ့ အခန်းကဏ္ဍ၊ ဒါတွေကိုလည်း ကျနော်တို့က အနီးကပ် မျက်မှောက်မြန်မာပြည်ရဲ့ အခြေအနေတွေ အားလုံးကို လေ့လာခွင့်ရတယ်ဆိုတော့ ပြောရမယ်ဆိုရင် ကျနော်တို့က ကိုယ့်အလုပ်ကိုယ် တော်တော်လေးကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ဖြစ်နေတာက တပိုင်း၊ ဒါပေမယ့် ခုနက ပြောသလို အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့ မရှိဘူးလားဆိုတော့ ခံစားရပါတယ်။ ကျနော်တို့အမြဲတမ်းပဲ ထောင်နှုတ်ခမ်းဝကို လမ်းလျှောက်နေသလို အမြဲတမ်းပဲ ခံစားရတယ်။ အဲဒီလိုမျိုးတော့ ခံစားရတယ်။ ဒါပေမယ့်လည်း ကျနော်တို့အတွက် ဒါက အထူးအဆန်းတော့ မဟုတ်ဘူးလေ။ မွေးဖွားလာကတည်းကကိုက ဒီတိုင်းပြည်က လုံခြုံစိတ်ချမှုမှ မရှိတာ။


မဆုမွန်။ ။ ဟုတ်ကဲ့။ ကိုဆွေဝင်းကို ဆုက သူတို့ လာပေးဖို့ ရှိလား။ ကိုဆွေဝင်း ဘယ်လိုအစီအစဉ်လုပ်ထားတာ ရှိလဲ။

ကိုဆွေဝင်း။ ။ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်း စတဲ့ နိုင်ငံတွေက ၄၊ ၅ ယောက်လောက် ရှိပါတယ်။ တခြား အလားတူဆုရတဲ့သူတွေ ရှိတာကို တွေ့တယ်။ သူတို့အားလုံးနဲ့အတူ တချိန်တည်းမှာပဲ မနီလာမှာ ဆုသွားယူရမှာပါ။ စက်တင်ဘာ ၉ ရက်နေ့မှာ ဆုပေးမှာပါ။

မဆုမွန်။ ။ ကျေးဇူးပါ ကိုဆွေဝင်း။

ဗွီအိုအေ မြန်မာပိုင်းရဲ့ အစီအစဉ်တွေကို မဇ္ဈိမသတင်းဌာနရဲ့ ရုပ်သံအစီအစဉ်တွေမှာ ထုတ်လွှင့်ဖို့ မိတ်ဆက်တဲ့ ဇွန်လ ၂၉ ရက်နေ့ ရန်ကုန်မြို့က အခမ်းအနားအတွင်း “မီဒီယာလွတ်လပ်ခွင့် အခြေအနေနှင့် ဒီမိုကရေစီရေချိန်” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာလည်း သတင်းသမား တဦးအနေနဲ့ သူ့ရဲ့ရပ်တည်ချက်ကို ကိုဆွေဝင်းက အခုလို ဆွေးနွေးခဲ့ဖူးပါတယ်။

“အခု ကျနော်တို့ကို ပြောတာ၊ constructive reporting ဆိုတာ အပြုသဘောဆောင်တဲ့ reporting ပဲ။ ဒါကတော့ စစ်အာဏာရှင်ကာလတလျှောက်လုံး ကျနော်တို့ကို ပြောလာခဲ့တာတွေပေါ့။ အခုကျတော့ ကျနော်တို့ကို ဘာပြောလဲဆိုတော့ patriotic reporting - မျိုးချစ်ရမယ်ဆိုတဲ့ဟာမျိုးတွေ။ ဒီစကားလုံးတွေကို Myanmar Press Council က လူကြီးတယောက်ကိုယ်တိုင်ကိုက ဒါတွေ ပြောလာပါတယ်။ ဒါပေမယ့် အဲဒါက ကျနော်တို့ရဲ့ profession ကို အင်မတန် နားလည်မှု လွဲမှားတာပဲ။ ကျနော်တို့ရဲ့ profession ဟာ ဘာလဲ - it’s very scientific. Scientific မှာ identity မရှိဘူး။ Geologist တယောက်က ကျောက်တုံး ၁ တုံးကို လေ့လာတဲ့အခါမှာ ဒါ ငါ့ရဲ့ အမေရိကန်ကျောက်တုံးဆိုပြီး လေ့လာလို့ မရဘူး။ မင်းဟာမင်း အာဖရိက ကကဲ တူးလာတူးလာ၊ အိမ်သာတွင်းထဲကပဲ တူးလာတူးလာ၊ ငါ့အလုပ်က ဒီကျောက်တုံးထဲမှာ ဘာ ingredients တွေပါတယ်၊ ဘာ element တွေ ပါနေတယ်။ ဒီအမျိုးအစားတွေကို ကျနော်တို့က လေ့လာဖို့။ လေ့လာတဲ့အတိုင်းကို ကျနော်တို့ကနေresult ထုတ်ပေးဖို့ပဲ တာဝန်ရှိတယ်။ ဒါကတော့ ငါ့ အမေရိကန် ကျောက်မို့လို့ ငါနည်းနည်းပါးပါး ပိုပြီးတော့ ငါပြောလိုက်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ ကျနော်တို့အတွက် Journalism has no boundary ပါပဲ။ ကိုယ့်ဖာသာကိုယ် ဗုဒ္ဓဘာသာတယောက်ဆိုရင် ကောင်းပါတယ်၊ ရိပ်သာမှာ တရားသွားအားထုတ်၊ နေ့စဉ် ၀ိပဿနာအားထုတ်၊ နောက် ဥပုသ်တွေစောင့်၊ ကိစ္စမရှိဘူး။ It’s your personal ပဲလေ။ ဒါပေမယ့် ဒီသတင်းတပုဒ် ထုတ်တဲ့အခါကျရင်တော့ you have no identity ပဲ။ It’s very scientific. ဒါလေးတော့ ကျနော် ပြောချင်ပါတယ်။ ကျေးဇူးပါပဲ။ ”

Ramon Magsaysay ဆုရှင်တွေအဖြစ် အရင်တုန်းကလည်း မြန်မာနိုင်ငံက အက်ဒွတ် လောရုံ၊ တီးတီးလုစ် ဒေါက်တာစင်သီယာမောင်၊ ကစောဝါး၊ ဆိုင်းရော်လဖိုင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ တို့ကိုလည်း ချီးမြှင့်ခံခဲ့ရဖူးပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
၂၀၁၉ Ramon Magsaysay ဆုရှင် ကိုဆွေဝင်းနဲ့ မေးမြန်းခန်း ၂၀၁၉ Ramon Magsaysay ဆုရှင် ကိုဆွေဝင်းနဲ့ မေးမြန်းခန်း Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.