ရန်ကုန် သြဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Myanmar Consumer Enterprise (MCE) ဆပ်ပြာစက်ရုံက အလုပ်သမား ၇၀ ကျော်တို့ဟာ အလုပ်သမား အခွင့်အရေး အပြည်အ၀ ရရှိရေးအတွက် သြ ဂုတ်လ ၂၂ ရက်(ဒီကနေ့)မှာ တောင်းဆိုချက် ၁၃ ချက်နဲ့ MCE စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ ပါတယ်။
“ စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတာနဲ့ပက်သက်ပြီး စခဲ့တာ အခုဆို စက်ရုံမန်နေဂျာက အလုပ်သမား တွေအပေါ် အမျိုးမျိုး ဖိနှိပ်ဆက်ဆံတာတွေရှိတယ်။ အဲဒါကြောင့်စက်ရုံမန်နေဂျာကို အလုပ်ထုတ်ပေးဖို့ တောင်း ဆိုတာကို အလုပ်ရှင်က လက်မခံဘူးလေ အဲဒါကြောင့် အလုပ်သမားတွေက အလုပ်သမား အခွင့်အရေး အပြည့်အ၀ရဖို့ တောင်းဆိုနေကြတာ ဖြစ်တယ် ” လို့ MCE ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိဇင် ဖြိုးက ပြောပါတယ်။
ဆန္ဒပြတောင်းဆိုရာမှာ လက်ထောက်မန်နေဂျာကို အလုပ်ထုတ်ပေးရေး၊ လုပ်ငန်းကျွမ်းကျင်ကြေး တစ်နှစ်ကို သုံးသောင်းကျပ်အား နှစ်စဉ် တိုးမြှင့်ပေးရေး၊ အလုပ်ဆင်းချိန်နဲ့ တစ်ဆက်တည်း (OT) ခေါ်မယ်ဆိုပါက အ နည်းဆုံး မိနစ် ၃၀ ခန့် အနားပေးရေး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်း အလေးအပင် မခိုင်းခြင်းများ လုံးဝမပြုရန်နဲ့ အချိန်ပို(OT) ကြေးကို (၃)ရက်အတွင်း ရှင်းပေးရေး၊ အလုပ်သမား တွေကို မိမိနဲ့သက်ဆိုင်တဲ့ အလုပ်နေရာမှာသာ ခိုင်းစေရန် စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံသားပိုင် MCE ဆပ်ပြည်စက်ရုံမှာ အလုပ်သမား ၁၀၀ ကျော်ရှိပြီး လုပ်သား ၇၀ ကျော်က စက်ရုံရှေ့ ထွက် ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။
အလုပ်သမားတွေ အနေနဲ့ တောင်းဆိုမှုတွေ မရမချင်း ဆက်လက် ဆန္ဒပြတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
အေးချမ်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/