မြန်မာ တရုတ်နယ်စပ် မူဆယ်မြို အနိမ့်ပိုင်းရပ်ကွက် ရေကြီးမှု ဖြစ်ပွား


သြဂုတ် ၂၃၊၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ တရုတ် နယ်စပ် မူဆယ်မြို့ တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စွမ်းစော်ရပ်ကွက် နှင့် အနိမ့်ပိုင်း တွင် ရေကြီးမှုကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၂ ရက် ယမန်နေ့ညနေပိုင်း မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စွမ်စော်ရပ်ကွက်နှင့် အနိမ့်ပိုင်း ဖြစ်သည့် မန့်ဝိန်းဘက်တွင် ရေကြီးမှုဖြစ်ပွါးကာ နေအိမ်တချို့နှင့် ကားတချို့ရေမြုပ်သည် ဟု မူဆယ်မြို့စွမ်စော် ဒေသခံများ ပြောပြချက် အရ သိရသည်။

“ ကျနော်တို့စွမ်စော် အနိမ့်ပိုင်းမှာ ဒီတကြိမ်နဲ့ဆို ၄ ကြိမ်ရှိပြီ ရေကြီးတာ။ မိုးရွာတာနဲ့ ရေကြီးတော့တာပဲ” ဟု စွမ်းစော် ဒေသခံ စိုင်းမိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မူဆယ်မြို့ အတွင်း ရေမြောင်းများထဲသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် အမှိုက်များ မြောင်းအတွင်း ပိတ်ဆို့သဖြင့် မိုးရွာသည့်အခါ အနိမ့်ပိုင်း ရေလျှံ ရေကြီး ဖြစ်ပွားခြင်းဖြစ်သည် ဟု စိုင်းမိုး က ထပ်လောင်း ပြောသည်။

မူဆယ်မြို့ ရေကြီး ရေလျှံမှုကြောင့် “ နေအိမ် ၁၀ လုံး ရေဝင်ခဲ့တယ်။ အိမ်ကားတစီးလည်း မြုပ်ခဲ့တယ်။ ရေမြောင်း က အမှိုက်တွေဆယ်ထုတ်မှ ရေပြန်ကျသွားတယ်။ နောက် နမ့်ပေါ့ တံတားမှာ အိမ်ကားတစီး ရေနဲ့မျှောပါသွားတယ်” ဟု စိုင်းမိုး က ထပ်လောင်း ပြောပြသည်။

မူဆယ်မြို့တွင် ရေမြောင်း ရေစီး ရေလာ စနစ်မကောင်းသဖြင့် အနိမ့်ပိုင်းရပ်ကွက် ဖြစ်သည့် စွမ်စော် နှင့် မန့်ဝိန်းဘက် မိုးသည်းထန်ရွာပါက ရေကြီးနိုင်ကြောင်း မူဆယ်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ စွမ်စော်က မိုးရွာရင် ရေများတယ်။ ရေမြောင်းထဲမှာ အမှိုက်တွေရှိတယ်။ မြောင်းက တရုတ်ပြည်ဘက် သွားတယ်။ ကျနော်တို့ဘက်က စည်းကမ်းမရှိတော့ အဲ့လို ဖြစ်တာပါ။ ရေမြောင်းတွေမှာ အမှိုက်တွေပြည့်နေတယ်” ဟု စိုင်းကျော်သိန်း က ဆိုသည်။

မူဆယ် စည်ပင်မှာ ရေမြောင်းထဲရှိ အမှိုက်များကို သွားရောက် ဆယ်ထုတ်ပြီး နောက် ရေများပုံမှန်အတိုင်း ပြန်စီးဆင်းကာ၊ နေအိမ်များ၊ လမ်းများ ရေကြီး ရေလျှံမှု လျော့ကျသွားကြောင်း၊ မူဆယ်ဒေသခံများအနေဖြင့် အမှိုက်များကို စနစ်တကျ လွှင့်ပစ်ရန် လိုအပ်ကြောင်းလ ည်း စိုင်းကျော်သိန်း က ပြောဆိုလိုက်သည်။

မူဆယ်မြို့  စည်ပင်သာယာ ဌာန မှ အမှိုက်ခွန် အတွက် ငွေကြေး ကောက်ခံမှု ရှိသော်လည်း လမ်းတွင် အမှိုက်ပုံးများ ထားရှိခြင်းမရှိခြင်းကြောင့် အမှိုက်များကို အလွယ်တကူ မြောင်းထဲသို့ လွှင့်ပစ်ကြသည် ဟု မူဆယ် ဒေသခံ အေပီး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အမှိုက်ပစ်ခတော့ လာလာကောက်တယ်။ အမှိုက်ကိုတော့ အချိန်မှန်မှန်လာမသိမ်းဘူး။ လူတွေကလည်း အမှိုက်ကို ပြီးစလွယ်မြောင်းထဲပစ်ချလိုက်တာပဲ။ အမှိုက် ပစ်ဖို့နေရာမှ မရှိတာ။ မြောင်းထဲပဲ ပစ်ရမှာပဲလေ” ဟု နန်းပီး က ဆိုသည်။

မူဆယ်မြို့ ဒေသခံ ပြည်သူများ အမှိုက်ကို စည်းကမ်းရှိ ပစ်ရန်နှင့် စည်ပင် သာယာရေး ဌာန မှလည်း အမှိုက် ပုံမှန် လာကောက်ရန် တိုက်တွန်းလိုက်ပြီး ရေမြောင်း စနစ်တကျ ရေစီးဆင်းမှု ရှိအောင် ပြုလုပ်ကြ ပါက ရေကြီးရေလျှံသည့် ပြဿနာ ဖြေရှင်းနိုင်လိမ့်မည် ဟု မူဆယ် ဒေသခံများက ပြောဆိုကြပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
မြန်မာ တရုတ်နယ်စပ် မူဆယ်မြို အနိမ့်ပိုင်းရပ်ကွက် ရေကြီးမှု ဖြစ်ပွား မြန်မာ တရုတ်နယ်စပ် မူဆယ်မြို အနိမ့်ပိုင်းရပ်ကွက် ရေကြီးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.