တာချီလိတ်၊ သြဂုတ် ၂၃
အင်းသက်တမ်းတိုး လုပ်ဆောင်ရာမှာ အင်းလုပ်ကိုင်သူ (၉)ဦးထံကနေ ငွေကျပ် (၆၇) သိန်းရယူခဲ့တဲ့ မိုးညို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဒီကနေ့ သြဂုတ်လ ၂၃ရက် ညနေပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ မိုးညိုမြို့နယ် အတွင်းရှိ အင်းသားကြီး (၉)ဦးကို နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမယ်လို့ ပြောကြားပြီး ငွေကြေးများတောင်းယူကကိုယ်ကျိုး အလွဲသုံးခြင်းကို စစ်ဆေးအရေးယူပေးဖို့ တိုင်ကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို စီမံခန့်ခွဲရေး တာဝန်ဖြစ်သော အင်းလေလံပစ်ရာမှာ ကြီးကြပ် ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားတဲ့ အင်းတွေနဲ့ ပတ်သက်ပြီး အင်းသားကြီးတွေထံကနေ ငွေကျပ် (၃၅)သိန်းနဲ့ ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ် တောင်းခံ ရယူခဲ့ခြင်းဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ ရာထူးတာဝန်ကို အလွဲသုံးစားပြုခဲ့တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မရဲစခန်းမှာ သြဂုတ် ၂၃ ရက်က ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဦးကျော်မျိုးမင်းဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြုပြီး အနိုင်ရလာသူတစ်ဦးလည်း ဖြစ်ပါတယ်။
သတင်း - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/