တောင်ပြုံးပွဲတော်ကာလအတွင်း မန္တလေး -မတ္တရာရထားကို နေ့စဉ် အစုန်-အဆန် ၁၂ ခေါက် ပြေးဆွဲလျက်ရှိ


မန္တလေး ဩဂုတ် ၁၁

ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပသည့် တောင်ပြုံးပွဲတော် ကာလအတွင်း ပြည်သူများ သွားလာမှုအဆင်ပြေစေရန် မြန်မာ့မီးရထားအနေဖြင့် မန္တလေး -မတ္တရာ ရထားကို တစ်ရက်လျှင် အစုန်-အဆန် ၁၂ ခေါက် ပြေးဆွဲပေး နေကြောင်း သိရသည်။

မန္တလေး မြောက်ပြင်မှ သူရဲဈေး-မတ္တရာ-သူရဲဈေး ရထားခရီးစဉ်၏ သူရဲဈေး ဘူတာမှ တောင်ပြုံးပွဲတော်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် ပြေးဆွဲ ပေးနေခြင်းဖြစ်သည်။ သူရဲဈေးဘူတာမှ အစောဆုံးရထားသည် နံနက် ၆ နာရီ ၅၀ မိနစ်တွင် ထွက်ခွာပြီး နောက်ဆုံးရထားသည် ည ၇ နာရီ ၂၅ မိနစ်တွင် ထွက်ခွာသည်။ တောင်ပြုံးဘူတာမှ အစောဆုံးရထားမှာ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး နောက်ဆုံးရထားသည် ညနေ ၆ နာရီခွဲတွင် ထွက်ခွာကာ လမ်းတစ်လျှောက် ကြာမြင့် ချိန်မှာ မိနစ် ၄၀ နီးပါးရှိသည်။

ယခုနှစ် ပြေးဆွဲပေးနေသည့် ရထားတွင် စက်ခေါင်းနှစ်လုံး အပါအဝင် တွဲ ၁၀ တွဲ ပါရှိကြောင်း၊ တွဲတစ်တွဲလျှင် လူဦးရေ ၆၀ မှ ၇၀ အထိ တင်ဆောင်နိုင်ကြောင်း၊ ခရီးသည်များ အဆင်ပြေစေရေးအတွက် သူရဲဈေး-မတ္တရာ ရထားလမ်းပိုင်းတွင် လမ်း ပြုပြင်ခြင်းအပြင် ချုံနွယ်များရှင်းလင်းခြင်းနှင့် သူရဲဈေးဘူတာ မြေထိန်းနံရံ တည်ဆောက်ခြင်းတို့ကို မြန်မာ့မီးရထား အင်ဂျင်နီယာအဖွဲ့က ကြိုတင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း သူရဲဈေးဘူတာမှ ရုံပိုင် ဦးအေးမင်းက ပြောသည်။
တောင်ပြုံးပွဲတော် အကြိုကာလတွင် အဆိုပါရထားကို မ္တလေးမြို့ပေါ်မှ ခရီး သည်များသာ လိုက်ပါစီးနင်းမှုများခဲ့သော်လည်း ပွဲတော်ကာလတွင်မူ အနယ်နယ် အရပ်ရပ်မှ နယ်ဝေးခရီးသည်များပါ လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရ သည်။

ယခင်နှစ် တောင်ပြုံးပွဲတော်ကာလအတွင်းက ရထားစီးခရီးသည် စုစုပေါင်းသည် ၁၇၄၁၀ ဦးရှိခဲ့ကာ နောက်ဆုံးရက်တွင် စီးနင်းလိုက်ပါသူ ၃၂၈၁ ဦးဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း၊ ချိုးရေတော်သုံးသည့် ဝါခေါင်လဆန်း ၁၁ ရက်တွင် ၃၁၁၁ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ ယခုနှစ် ပွဲတော်သို့ ကိုယ်ပိုင်ကား များ၊ အငှားယာဉ်များ၊ ဆိုင်ကယ်များဖြင့် ယခင်နှစ်ထက် ပိုမိုလာရောက်နိုင်ကြခြင်း ကြောင့် ယခုနှစ် ရထားစီးခရီးသည် အရေအတွက်မှာ ယခင်နှစ်ထက် လျော့နည်း လာကြောင်း သိရသည်။

တင်မောင် (မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ပြုံးပွဲတော်ကာလအတွင်း မန္တလေး -မတ္တရာရထားကို နေ့စဉ် အစုန်-အဆန် ၁၂ ခေါက် ပြေးဆွဲလျက်ရှိ တောင်ပြုံးပွဲတော်ကာလအတွင်း မန္တလေး -မတ္တရာရထားကို နေ့စဉ် အစုန်-အဆန် ၁၂ ခေါက် ပြေးဆွဲလျက်ရှိ Reviewed by THITHTOOLWIN on 23:18 Rating: 5
Powered by Blogger.