ရွှေနှင့် ပစ္စည်းများယူဆောင်ကာ ကျင်းဟောင်းရေကန်အတွင်း တွန်းချသတ်ဖြတ် လုယက်သူ ၂ ဦးဖမ်းမိ


ဖားကန့် ဩဂုတ် ၂၁

ရွှေထည်နှင့် ငွေများယူဆောင်ကာ ကျင်းဟောင်း ရေကန်အတွင်း တွန်းချ သတ်ဖြတ်လုယက်သူ ၂ ဦးဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဟွေဆိုင်းကျေးရွာ အနောက်မြောက်ဘက် ၂ မိုင်ခန့်ရှိ နေအိမ်တဲတွင် နေထိုင်သူ ဒေါ်သိန်းခင် မှာ အိမ်အနီး ကျောက်ကျင်းဟောင်း ရေကန် အတွင်း ဩဂုတ် ၁၇ ရက် နေ့လည် ၁၂ နာရီခန့်က သေဆုံးနေကြောင်း ခင်ပွန်းဖြစ်သူက တွေ့ရှိပြီး နယ်မြေခံ ရဲတပ်ဖွဲ့သို့ တိုင်တန်းအကြောင်းကြားခဲ့သည်။

ထို့နောက် ၎င်းအိမ်တွင် အလုပ်လုပ်ရန် ငှားရမ်းထားသော စောသိန်းမောင် (၃၉) နှစ် (မင်းဇီးချောင်းကျေးရွာ ပုဏ္ဏားကျွန်းမြို့နယ် ရခိုင်ပြည်နယ် နေသူ)နှင့် ဇနီးဖြစ်သူ မြမြသိန်း (ခ) ဌေးဌေး တို့ ၂ ဦးအား မတွေ့ခြင်း သေဆုံးသူ ဝဲဘက်လက်တွင် ဝတ်ဆင်လျက်ရှိသော ရွှေလက်စွပ် နားကပ်(၁) ရံ အိမ်ပေါ်တွင်ထားသော ဖုန်း ၂ လုံး သံသေတ္တာထဲရှိ ငွေကျပ် ၃ သိန်း တို့ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

 ထို့ကြောင့် စောသိန်းမောင်နှင့် ဇနီးဖြစ်သူတို့အား အရေးယူ ဆောင်ရွက်ပေးရန် တိုင်တန်း ချက်အရ တာမခန်ရဲစခန်းတွင် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိရာ ကာမိုင်းမြို့ နန့်ယားကျေးရွာ တည်းခိုခန်းတွင် တည်းခိုနေထိုင်နေကြောင်း သတင်းရရှိပြီး သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စိုးနိုင်ဦး ( ဖားကန့်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရွှေနှင့် ပစ္စည်းများယူဆောင်ကာ ကျင်းဟောင်းရေကန်အတွင်း တွန်းချသတ်ဖြတ် လုယက်သူ ၂ ဦးဖမ်းမိ ရွှေနှင့် ပစ္စည်းများယူဆောင်ကာ ကျင်းဟောင်းရေကန်အတွင်း တွန်းချသတ်ဖြတ် လုယက်သူ ၂ ဦးဖမ်းမိ Reviewed by THITHTOOLWIN on 23:47 Rating: 5
Powered by Blogger.