မူဆယ် - ကွတ်ခိုင် ရှောင်လမ်းတွင် လက်နက်ကိုင်အဖွဲ့မှ ငွေကြေးကောက်ခံနေဟုဆို


သြဂုတ် ၂၄ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု ကားလမ်းပေါ်တွင် တိုက်ပွဲများ ဆက်လက်ရှိနေသဖြင့် နမ့်အွမ်- တီးမ လမ်းအား ကားသမားများ အသုံးပြုနေရာ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ကားများအား ငွေကြေးကောက်ခံနေကြောင်း သိရသည်။

ကားများသည် မူဆယ်မှ ပြည်ထောင်စုလမ်းအတိုင်းမသွားဘဲ နမ့်ဖတ်ကာတွင်ဖြစ်ပွါးနေသော တိုက်ပွဲများအား ရှောင်ကွင်းရန် မူဆယ်မှထွက်သည်နှင့် နမ့်အွမ်-တီးမ- တာမိုးညဲ-ကွတ်ခိုင် သို့ သွားသောလမ်းကို အသုံးပြုကြကြောင်း၊ အဆိုပါလမ်းတွင် ယာဉ်ငယ်များသာ သွားလာနိုင်ပြီး၊ သြဂုတ် ၂၂ ရက်နေ့မှ စတင်ကာ ခရီးသည် ယာဉ်ငယ်တစီးလျှင်ငွေကျပ် ၅ သောင်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ကောက်ခံနေကြောင်း မူဆယ်မြို့ မှ ကားသမား ကိုအားတီ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မူဆယ် - ကွတ်ခိုင် ပြည်ထောင်စု လမ်းမ က ပိတ်ထားတော့ နမ့်အွမ် တီးမ တာမိုးညဲဘက်ကနေလှည့်သွားတာ။ အဲ့ဘက်မှာဆက်ကြေး ကောက်တယ်။ ဖုန်းတွေ့ရင် ဖုန်းသိမ်းတယ်။ ” ဟု ကားသမား ဦးညို ကလည်း ပြောသည်။

ငွေကောက်ခံသည့် ဖြတ်ပိုင်းသည် ကချင်စာဖြင့်ရေးသားထားပြီး ကချင် လွတ်မြောက်ရေး တပ်မတော် ( KIA) အဖွဲံ့က ကောက်ခံသည်ဟု ဖော်ပြထားကြောင်း ကားသမားတဦးကပြောသည်။

“ အဲ့လမ်းက တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့လမ်းပါ။ လက်နက်ကိုင် ၂ ဖွဲ့လာကောက်တာ။ တဖွဲ့က ကချင်၊ နောက်တဖွဲ့က TNLA ပါ” ဟု ဆက်ကြေး ပေးရသည့် အဆိုပါကားသမားက ပြောသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က မြေပြင် သတင်း သေချာ မသိရှိရသေးကြောင်း၊ ငွေကောက်ခံခြင်း (ဆက်ကြေး) ကိစ္စ မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ KIA ဟုတ်တယ် မဟုတ်ဘူးဆိုတာ တိကျ ပြောလို့မရဘူး။ မြေပြင်က သတင်းလည်း မတက်ဘူး။ မဟုတ်ဘူးလို့ ငြင်းတာမဟုတ်ဘူး။ အဲ့ဒေသမှာ လက်ရှိက တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေလည်း များတယ်။ နောက် KIA နာမည်ခံပြီးလည်း ကောက်နိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က ထပ်လောင်းပြောသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် က “ နမ့်အွမ် - တီးမ- တာမိုးညဲ လမ်းကြောင်းမှာ ကျနော်တို့အဖွဲ့ငွေတောင်းခံတာ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ ပြည်ထောင်စု လမ်းမပေါ်တွင် တိုက်ပွဲများ ရှိနေသေးသဖြင့် အဆိုပါ ရှောင်လမ်း ကို သာ အသုံးပြုရကာ ကားသေးများသာ သွားနေရကြောင်း သိရသည်။

ယခုရက်ပိုင်း မူဆယ်- မန္တလေး မြို့ ကို သွားပါက ခရီးသည် တဦးလျှင် ကျပ်ငွေ ၅သောင်းကျော် ဝန်းကျင် ပေးရကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မူဆယ် - ကွတ်ခိုင် ရှောင်လမ်းတွင် လက်နက်ကိုင်အဖွဲ့မှ ငွေကြေးကောက်ခံနေဟုဆို မူဆယ် - ကွတ်ခိုင် ရှောင်လမ်းတွင် လက်နက်ကိုင်အဖွဲ့မှ ငွေကြေးကောက်ခံနေဟုဆို Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.