မြိတ်တွင် သိန်း ၅ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ


27.7.2019

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ၊ တက္ကသိုလ်ရပ်ကွက်မှာ ဇူလိုင် ၂၆ ရက်၊ ညနေ ၅ နာရီလောက်က သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။

တက္ကသိုလ်ရပ်ကွက်၊ ချမ်းမြေ့သာယာလမ်းရှိ စိုးမင်းခိုင်(ခ)အငယ်လေးရဲ့ နေအိမ်မှာ မူးယစ်ဆေးရောင်းဝယ်နေကြောင်း သတင်းအရ မြိတ်ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ နယ်ထိန်းဒုရဲအုပ်မြင့်ဇော် ဦးဆောင်တဲ့အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေရာမှာ WY မူးယစ်ဆေးပြာ ၉ သောင်း ၃ ထောင် နဲ့ ICE မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာပါ။

“မူးယစ်ဆေးရောင်းနေတယ် သတင်းရလို့ ကျနော်တို့အဖွဲ့က ဖမ်းဝရမ်းနဲ့ဝင်ရှာတော့ စိုးမင်းခိုင်ကို သူ့အိမ်အပေါ်ထပ် အိပ်ခန်းဝမှာ ခရီးဆောင်အိတ် ၁ လုံး ပိုက်ထားလျက်နဲ့တွေ့တယ်။ သူ့အိတ်ကို သက်သေတွေရှေ့မှာ ဖွင့်ရှာတော့ WY ဆေးပြား ၉ သောင်း ၃ ထောင်နဲ့ ICE မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းမိတယ်။ ဒေသပေါက်ဈေးနဲ့ဆိုရင် ၂ မျိုးပေါင်း ကျပ်သိန်းပေါင်း ၅,၄၅၀ တန်ဖိုးရှိပါတယ်။ မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးရာမှာ အသုံးပြုတဲ့ Hilux အမျိုးအစား ကားတစီး၊ Wave-125 အမျိုးအစား ဆိုင်ကယ် ၁ စီးနဲ့ လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းထားတယ်”လို့ မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ် မြင့်ဇော်က ပြောပါတယ်။

မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ စိုးမင်းခိုင် (ခ) အငယ်လေး အား မြိတ်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉ (က) နဲ့ အရေးယူထားပြီး ကွင်းဆက်တရားခံအားဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
မြိတ်တွင် သိန်း ၅ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ မြိတ်တွင် သိန်း ၅ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.