ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား (၁၆၀)ကျော်ထဲမှ (၃)ဦးကို နှစ်လကျော်အကြာမှာ ဆက်သွယ်ရေး ဥပဒေဖြင့် အမှုထပ်ဖွင့်


တာချီလိတ်၊ ဇူလိုင် ၂၁

တာချီလိတ်မြို့မှာ မေလ ၁၃ရက်က ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား (၁၆၂)ယောက်ထဲကနေ (၃)ဦးကို ဇူလိုင်လ ၂၁ရက်နေ့လည်ပိုင်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇နဲ့ တာချီလိတ်မြို့မရဲစခန်းမှာ ထပ်မံ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိစဉ်ကတည်းက တရုတ်နိုင်ငံသားတွေထဲမှာ စကားပြောစက်တွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး စကားပြောစက်တွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနထံ ပေးပို့ အတည်ပြုချက်ရယူကာ အခုလို အမှုဖွင့်လိုက်တာဖြစ်တယ်လို့ တာဝန်ကျရဲအရာရှိတစ်ဦးထံကနေ သိရပါတယ်။


တရုတ်နိုင်ငံသားတွေ ဖြစ်ကြတဲ့ ချန်လျို၊ ရန်ကျယ်နဲ့ ရှဲရှိန်စိမ့် တို့ကို တရားဝင်ခွင့်ပြုချက်မရဘဲ ဆက်သွယ်ရေး စကားပြောစက်တွေ ကိုင်ဆောင်လက်ဝယ်ထားရှိမှုနဲ့ ဇူလိုင်လ ၂၁ရက် နေ့လည် (၂)နာရီခန့်က အမှုဖွင့်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စကားပြောစက် (၁၆) လုံးအနက်မှ Kevsen အမျိုးအစား စကားပြောစက် (၉)လုံး၊ Baofeng အမျိုးအစား စကားပြော စက်(၄)လုံး၊ Uniden အမျိုးအစား စကားပြောစက် (၂)လုံး၊ Motorola လက်ကိုင်စကားပြေစက် (၁)လုံးဖြစ်ပြီး အဲဒီစကားပြောစက်တွေဟာ တရုတ်နိုင်ငံသား ချန်လျို၊ ရန်ကျယ်နဲ့ ရှဲရှိန်စိမ့် တို့ (၃)ဦး အမည်နဲ့ လိုင်စင်ရယူထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ပြန်ကြားစာအရ သိရပါတယ်။

မေလ ၁၃ရက်က တာချီလိတ်မြို့တွင်း နေရာ (၃)နေရာမှာ တရုတ်နိုင်ငံသား (၁၆၂)ဦးကို ဖမ်းဆီးရမိတာဖြစ်ပြီး အဲဒီထဲကနေ အယောက် (၁၀၀)ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဇွန်လ ၁၈ရက်က တာချီလိတ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် (၆)လစီ ချမှတ်ထားပါတယ်။

ဖမ်းဆီးတရားစွဲဆိုထားတဲ့ တရုတ်နိုင်ငံသား (၁၆၂)ဦးထဲက အသက်မပြည်သေးတဲ့ ကလေး (၃)ဦးအပါအဝင် အမျိုးသား (၅)ဦး၊ အမျိုးသမီး(၁)ဦးဟာ ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ (၁၅၆)ဦးထဲက အမျိုးသား (၉၄)ဦးနဲ့ အမျိုးသမီး (၆)ဦး စုစုပေါင်း (၁၀၀)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ် (၆)လစီ ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောင်းကစားဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့လည်း တရားစွဲဆိုထားပြီး ယခုအခါမှာ ဆက်သွယ်ရေး ဥပဒေနဲ့ပါ ထပ်မံ အရေးယူလိုက်တာဖြစ်ပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား (၁၆၀)ကျော်ထဲမှ (၃)ဦးကို နှစ်လကျော်အကြာမှာ ဆက်သွယ်ရေး ဥပဒေဖြင့် အမှုထပ်ဖွင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား (၁၆၀)ကျော်ထဲမှ (၃)ဦးကို နှစ်လကျော်အကြာမှာ ဆက်သွယ်ရေး ဥပဒေဖြင့် အမှုထပ်ဖွင့် Reviewed by THITHTOOLWIN on 00:33 Rating: 5
Powered by Blogger.