စင်္ကာပူမှာဖမ်းဆီးခံရတဲ့ AA နဲ့ ပတ်သက်သူခြောက်ဦးကို ပြည်နှင်ဒဏ်ပေးမည်

၂ဝ၁၉ ဧပြီလ ၈ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁ဝ ကြိမ်မြောက် ရခိုင့်တပ်တော် AA ဂုဏ်ပြုပွဲ အခမ်းအနား။
AA ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ - ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်-စင်္ကာပူအသင်းဝင် ခြောက်ယောက်ကို စင်္ကာပူ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူတို့ကို စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးမယ်လို့ စင်္ကာပူပြည်ထဲရေးဌာနက ဇူလိုင်လ ၁ဝ ရက်နေ့စွဲနဲ့  ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

သူတို့တွေဟာ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ AA အဖွဲ့ကို ပံ့ပိုးကူညီနေတာကြောင့် အရေးယူသွားမှာဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု ဖမ်းဆီးခံရသူတွေဟာ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ AA နဲ့ ရခိုင်ညီညွတ်ရေးအဖွဲ့ ULA အတွက် စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းကြားမှာ လူသစ်စုဆောင်းတာ၊ စည်းရုံးရေးဆင်းတာ၊ ရန်ပုံငွေ ကောက်ခံတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စင်္ကာပူရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ... AA ကို အထောက်အပံ့ပေးနေတဲ့ မြန်မာနိုင်ငံသားတွေ စင်္ကာပူမှာရှိနေတယ်လို့ တွေ့ရှိရပြီး၊ အဲဒီအထဲက တစ်ဦးဟာ AA အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးနဲ့ တိုက်ရိုက် ပတ်သက်နေသူ ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ သူ့ကို စင်္ကာပူရောက် ရခိုင်အသိုင်းအဝိုင်းက ထောက်ခံနေတာ တွေ့ရှိရသလို၊ သူကလည်း အဖရခိုင်ပြည်အတွက် ရန်ပုံငွေထည့်ဝင်ကြဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုစည်းရုံးရာမှာ စင်္ကာပူရောက် မြန်မာအသိုင်းအဝိုင်းကလည်း လစဉ်ကြေး ထည့်ဝင်ကြတယ်လို့  စင်္ကာပူပြည်ထဲရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
စင်္ကာပူမှာဖမ်းဆီးခံရတဲ့ AA နဲ့ ပတ်သက်သူခြောက်ဦးကို ပြည်နှင်ဒဏ်ပေးမည် စင်္ကာပူမှာဖမ်းဆီးခံရတဲ့ AA နဲ့ ပတ်သက်သူခြောက်ဦးကို ပြည်နှင်ဒဏ်ပေးမည် Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.