အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ဒေါက်မြင့် ဖိနပ်စီးဖို့လိုလား

 အမျိုးသမီးတွေ အနေနဲ့ လုပ်ငန်းခွင်မှာ မဖြစ်မနေ ဒေါက်မြင့် ဖိနပ် စီးရတာ အပေါ် ဆန့်ကျင်လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေ

အလုပ်ရှင် ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ အမျိုးသမီး ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ဒေါက်မြင့်ဖိနပ် စီးရမယ့် အလုပ်ခွင် ဝတ်စားဆင်ယင်မှု ပြဋ္ဌာန်းချက်က လိုအပ်တယ်ဆိုပြီး ဂျပန် အလုပ်သမား ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံ ကျန်းမာရေးနဲ့ အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီး တကူမိ နီမိုတိုက လုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို ဒေါက်မြင့် ဖိနပ် စီးခိုင်းတဲ့ အငြင်းပွားဖွယ် ဓလေ့ ကို ကာကွယ် ပြောဆိုလိုက်တာပါ။

"လုပ်ငန်းခွင် မှာ လိုအပ်လို့၊ သင့်လျော်လို့ ကျင့်သုံးရတာမျိုးက လူမှုရေး အရလည်း လက်ခံရမယ်" လို့ မစ္စတာ နီမိုတိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပါလီမန် လွှတ်တော် ကော်မတီ အစည်းအဝေးမှာ ဝန်ကြီးက အဲဒီလို ပြောခဲ့တာလို့ ဂျပန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီ အစည်းအဝေးမှာ ဥပဒေပြု လွှတ်တော် အမတ် တစ်ဦး ဖြစ်သူ ကနာကိုအိုဆူဂျိက အမျိုးသမီးဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ဒေါက်မြင့် ဖိနပ် စီးခိုင်းတဲ့ ဥပဒေတွေဟာ ခေတ်နဲ့ မလျော်ညီလို့ ဖျက်သိမ်းရမယ်လို့ အကြံပြုခဲ့တယ်လို့လည်း ကျိုဒို သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးနဲ့ အမျိုးသားကြား ခွဲခြား ဆက်ဆံတဲ့ ဝတ်စားဆင်ယင်မှု သတ်မှတ်ချက် ဥပဒေတွေ တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခု ကို ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ် စာရေးဆရာမ လည်း ဖြစ်သူ ယူမိ အီရှီကာဝါက ဦးဆောင်ပြီး လုပ်ဆောင်နေရာမှာ ဒီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝန်ကြီး မစ္စတာ နီမိုတာကို လွှတ်တော်မှာ သဘောထား မှတ်ချက် တောင်းခံခဲ့ပါတယ်။

အမျိုးသမီးတွေ အလုပ်မှာ ဒေါက်မြင့် ဖိနပ် စီးနေရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဦးဆောင်သူ မစ္စ အီရှီကာဝါ

အသုဘ ပြင်ဆင်ရေး လုပ်ငန်းက အမျိုးသမီး ဝန်ထမ်းတွေကို ဒေါက်မြင့် ဖိနပ် စီးခိုင်းတဲ့ ဖြစ်ရပ် ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ မစ္စ အီရှီကာဝါက အလုပ်ခွင်က အမျိုးသမီးတွေ အပေါ် ဝတ်စားဆင်ယင်မှု သတ်မှတ်ချက် ဥပဒေတွေ ပယ်ဖျက်ဖို့ အများပြည်သူ ပါဝင် လက်မှတ်ရေးထိုး တဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာပါ။

ဒီလှုပ်ရှားမှုဟာ အွန်လိုင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေပေါ်မှာ လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ လက်မှတ်တွေ ကောက်ခံရရှိခဲ့သလို နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ထောက်ခံမှုကိုလည်း ရရှိခဲ့ပါတယ်။

အမျိုးသမီး အလုပ်ခွင် ဝတ်စားဆင်ယင်မှု သတ်မှတ်ချက် ဥပဒေကို ပယ်ဖျက်ပေးဖို့ ကောက်ခံရရှိတဲ့ လက်မှတ်ပေါင်း ၁၈,၈၀၀ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြခဲ့တယ်လို့ ကျိုဒို သတင်းက ဆိုပါတယ်။

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရတာကို ဆန့်ကျင်တဲ့ အွန်လိုင်း လှုပ်ရှားမှု တစ်ခု ဖြစ်တဲ့ #MeToo လှုပ်ရှားမှု အတိုင်း #KuToo ဆိုပြီး လူမှုကွန်ရက်တွေပေါ်မှာ ထောင်ခံသူများက ရေးသား ဖော်ပြကြပြီးလည်း ယူမိ အီရှီကာဝါ ရဲ့ တောင်းဆိုမှုကို ထောက်ခံ အားပေးခဲ့ကြပါတယ်။

ဒီ လှုပ်ရှားမှု ဆောင်ပုဒ် က ဂျပန် ဘာသာစကား အရ ဖိနပ် (kutsu) နဲ့ နာကျင်မှု (kutsuu) စကားလုံး တွေကို အခြေခံပြီး ဖန်တီးထားတာပါ။

ဂျပန်မှာ အမျိုးသမီးတွေ အလုပ် လျှောက်ရင် ဒေါက်မြင့် ဖိနပ် စီးဖို့ သဘောတူရတာက မဖြစ်မနေ လုပ်ရတဲ့ တာဝန် ဝတ္တရား ဖြစ်နေတယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက ထောက်ပြကြပါတယ်။

"အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနည်းတူ ဖိနပ် အပါး စီးရင် မလျော်ကန်တဲ့ အပြုအမူ အဖြစ် လူမှုရေး အရ စံသတ်မှတ်ထားတာကို အခု လှုပ်ရှားမှုကနေ ပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်တယ်" လို့ မစ္စ အီရှီကာဝါက ပြောပါတယ်။

လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ဒေါက်မြင့် ဖိနပ် စီးရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုက နိုင်ငံတကာကိုလည်း ပျံ့နှံ့ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက PwC ငွေကြေး လုပ်ငန်း ကုမ္ပဏီက အမျိုးသမီး ဝန်ထမ်း နီကိုလာသော့ပ် ကလည်း သူ့ကို လုပ်ငန်းခွင်မှာ ဒေါက်မြင့် ဖိနပ် စီးခိုင်းလို့ ယူကေ က လုပ်ငန်းခွင် ဝတ်စားဆင်ယင်မှု သတ်မှတ်ချက် ဥပဒေတွေ ပြောင်းလဲ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှု တစ်ခုက စတင်ခဲ့ပါတယ်။

နီကိုလာသော့ပ်ကို အဲဒီ ကုမ္ပဏီက ယာယီ ဝန်ထမ်း အဖြစ် ခန့်အပ်ရာမှာ သူက လုပ်ငန်းခွင် အဝတ်အစား သတ်မှတ်ချက်ကို ငြင်းဆိုခဲ့ရကနေ စတင်ခဲ့တာပါ။

သတင်းမီဒီယာတွေမှာ ဒီဖြစ်ရပ်ကို ဖော်ပြကြပြီးနောက်ပိုင်းမှာ Portico အမည်နဲ့ ယူကေ ကုမ္ပဏီ တစ်ခုကတော့ သူ့ရဲ့ အမျိုးသမီးဝန်ထမ်းတွေ ဖိနပ် အပါး စီးခွင့် ရှိတယ် ဆိုပြီး ချက်ချင်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း ကနေဒါ နိုင်ငံက ခရိုင် တစ်ခုမှာ အမျိုးသမီးဝန်ထမ်းတွေ ဒေါက်မြင့် ဖိနပ် စီးရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ဖူးပါတယ်။

BBC Burmese
https://www.bbc.com
အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ဒေါက်မြင့် ဖိနပ်စီးဖို့လိုလား အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ဒေါက်မြင့် ဖိနပ်စီးဖို့လိုလား Reviewed by THITHTOOLWIN on 02:43 Rating: 5
Powered by Blogger.