ကူမင်းနဲ့ မြန်မာအစိုးရ သဘောတူထားတဲ့ ကုန်ပေးကုန်ယူစနစ် (ဘာတာ) ကုန်သည်တွေအတွက် အလုပ်မဖြစ်

ပထမအကြိမ်အတွက် စာချုပ်ချုပ်ကတည်းက ဘာတာစနစ်ကိုလက်မခံနိုင်ဘူး၊ မရောင်းနိုင်ဘူးလို့ပြော ထားတယ်။
တရုတ်နိုင်ငံကူမင်းပြည်နယ်နဲ့ မြန်မာအစိုးရတို့အကြားအကောင်အထည်ဖော်ခဲ့တဲ့ ကုန်ပေးကုန်ယူစနစ် (ဘာတာ)က မူဆယ်က ဆန်ကုန်သည်တွေအတွက် အလုပ်မဖြစ်ဘူးလို့ ကုန်စည်ဒိုင်နဲ့ ကုန်သည်တွေက ဘီဘီစီကိုပြောပါတယ်။

အဲဒီကုန်ပေးကုန်ယူစနစ် (ဘာတာ)ကို မြန်မာအစိုးရနဲ့ ကူမင်းပြည်နယ်အစိုးရအကြားဧပြီလ နောက်ဆုံး အပတ် မှာချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဘာတာစနစ်အရ ကုန်ပေးကုန်ယူလဲလှယ်ဖို့ ယူနန်ပြည်နယ်၊ ကူမင်း အစိုးရက အသိမှတ်ပြုခဲ့တဲ့ စွေချိုက်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံဘက်က ကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့ကို တာဝန်ယူလုပ်ဆောင်တာဖြစ်ပါတယ်။

ဘာတာစနစ်နဲ့ ဆန်တွေကိုရောင်းချရမှာက ကုန်သည်တွေအတွက် အဆင်မပြေလို့ တစ်လကျော်ကြာတဲ့ အထိ ဘာတာစနစ်နဲ့ ကုန်ပေးကုန်ယူလုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
တရုတ်ဖက်က လဲလှယ်လိုတဲ့ ပစ္စည်းတွေရဲ့အရည်အသွေးအပေါ်လည်း စဉ်းစားစရာရှိတယ်
ဒါကြောင့် မေလ ၃၀ရက်နေ့က စွေချိုက်ကုမ္ပဏီက မြန်မာဆိုင်တန်ချိန်တစ်သောင်းကိုသာ လက်ငင်း ငွေပေးချေတဲ့ စနစ်နဲ့ဝယ်ယူဖို့ မူဆယ်နယ်စပ်ဆန်ကုန်သည်အသင်းက တည်ထောင်ထားတဲ့ ရှမ်းမြောက် အများပိုင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့တယ်လို့ အသင်းဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဘီဘီစီကိုပြောပါတယ်။

"ပထမအကြိမ်အတွက် စာချုပ်ချုပ်ကတည်းက ဘာတာစနစ်ကိုလက်မခံနိုင်ဘူး၊ မရောင်းနိုင်ဘူးလို့ပြော ထားတယ်။ ဘာတာစနစ်နဲ့ ဆိုရတဲ့ပစ္စည်းတွေကို ဘယ်မှာသွားရောင်းရမလဲ၊ မရောင်းရရင် ဘယ်လောက် ရှုံးမယ်မသိဘူး။ ငွေပဲလိုချင်တယ်။ လောလောဆယ် ဘာတာစနစ်က ပျက်ပြယ်သွားပြီလို့ ပြောလို့ရတာပေါ့" လို့ သူကပြောပါတယ်။

ပထမအကြိမ်ရောင်းချမှု ဆန်တန်ချိန်တစ်သောင်းအတွက် တရုတ်ယွမ်ငွေ ၂ သန်းကျော်ကို မြန်မာနိုင်ငံ ပြည်တွင်းက တရုတ်နိုင်ငံဘဏ်ဖြစ်တဲ့ ICBC ဘဏ်ကိုငွေလွှဲပေးချေမှာဖြစ်ပါတယ်။

ကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ အခုရောင်းချဖို့ သဘောတူထားတဲ့ ဆန်တန်ချိန်တစ်သောင်းက ဘာတာစနစ်ခေါင်းစဉ်အောက်ကနေ ရောင်းချတာဖြစ်ပြီး ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ငွေလက်ငင်းပေးတာနဲ့ စတင်ခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

"ပထမအကြိမ် ငွေလက်ငင်းပေးချေတဲ့စနစ်နဲ့ ဆန်တန်ချိန် တစ်သောင်းကိုအခုစာချုပ်ချုပ်တယ်။ အခုဝယ် တာအဆင်ပြေရင် နောက်ဒုတိယအကြိမ်၊ တတိယအကြိမ်ဆက်တိုက် ငွေချေစနစ်နဲ့ အရောင်းအဝယ် ဖြစ်မယ်။ ဘာတာနဲ့ဆိုရင် ဘယ်ကုန်သည်ကမှ မရောင်းဘူး" ဦးမင်းသိန်းကပြောပါတယ်။

လက်ရှိရောင်းဖို့ စာချုပ်ချုပ်ဆိုထားတဲ့ ဆန်တန်ချိန်တစ်သောင်းထဲမှာမှ တန် ၂၅၀ ဝေစုပါတဲ့ ဆန်ကုန်သည် တစ်ဦးကလည်း ငွေလက်ငင်းရရှိတဲ့စနစ်ကြောင့် ရောင်းဖြစ်တာဖြစပြီး ရရှိတဲ့ငွေကို တရုတ်ဖက်က ပေးနိုင်တဲ့ ပစ္စည်းနဲ့ဖလှယ်မယ့်စနစ်ဆိုရင်တော့ ဆက်လက်ရောင်းချနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

"ဟိုဖက်ကဆန်တွေမဝယ်တဲ့အခါ မှောင်ခိုလမ်းကနေသွားရောင်းရတယ်။ ပိုက်ဆံနဲ့ရောင်းရမှ အဆင်ပြေမှာ" လို့သူကပြောပါတယ်။

စီးပွားရေးနဲ့ ကူသန်းရောင်းဝန်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကတော့ နှစ်နိုင်ငံအကြားတရားဝင် ကုန်သွယ်မှုမြှင့်တင်နိုင်ဖို့ ဘာတာစနစ်ကိုသဘောတူခဲ့ကြတာလို့ ဘီဘီစီကိုပြောပါတယ်။

"ကျွန်တော်တို့ကတော့ရောင်းဖြစ်ဝယ်ဖြစ်အောင်ချိတ်ဆက်ပေးတဲ့သဘောပဲ၊ လက်တွေ့ရောင်းဖြစ် ဝယ်ဖြစ်အောင်ကတော့ပုဂ္ဂလိကအချင်းချင်းပဲလုပ်ကြမှာ၊ အဲဒီတော့သူတို့ကိုပဲမေးကြည့်တာပိုကောင်း ပါတယ်" လို့သူကဆိုပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်ရဲ့ အခုဖေဖော်ဝါရီလအထိ အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် တရုတ်နဲ့ ကုန်သွယ်
ဆန်စပါးအသင်းချုပ်က လုပ်ငန်းရှင်တစ်ဦးကလည်း ဘာတာစနစ်နဲ့ ကုန်သွယ်မှုက အောင်မြင်ဖို့နည်းပါးသလို၊ ကုန်သည်တွေအတွက် အလုပ်မဖြစ်နိုင်သလို၊ တရုတ်ဖက်က လဲလှယ်လိုတဲ့ ပစ္စည်းတွေရဲ့အရည်အသွေးအပေါ်လည်း စဉ်းစားစရာရှိတယ်လို့ သုံးသပ်ပါတယ်။

ဒါကြောင့်အစိုးရက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား တရားဝင်ကုန်စည်ကူးသန်းမှုတွေရရှိအောင် ၂၀၁၄ ခုနှစ်နောက်ပိုင်းကတည်းက ရပ်ဆိုင်ထားတဲ့ အရည်အသွေးဆိုင်ရာစိစစ်ခြင်းသဘောတူလက်မှတ်ကို ပြန်လည်ရေးထိုးကာ အကောင်အထည်ဖော်သင့်တယ်လို့ သူကပြောဆိုပါတယ်။

အဲဒီသဘောတူညီချက်က မြန်မာနိုင်ငံဘက်က တင်ပို့မယ့်ပစ္စည်းတွေစာရင်းနဲ့ အဲဒီကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကိုစံချိန်စံနှုန်းမီအောင် လုပ်ဆောင်နိုင်ဖို့ စိစစ်တင်ပြခြင်းဖြစ်ပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ မြန်မာနိုင်ငံက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ရဲ့ အခုဖေဖော်ဝါရီလအထိ အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် တရုတ်နဲ့ ကုန်သွယ်မှုပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇-၁၈တုန်းကတော့ ၆ ဘီလီယံနီးပါးကုန်သွယ်ထားပါတယ်။

လက်ရှိတော့ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံကုန်သွယ်မှုတွေကို မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ပြုလုပ်နေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကူမင်းနဲ့ မြန်မာအစိုးရ သဘောတူထားတဲ့ ကုန်ပေးကုန်ယူစနစ် (ဘာတာ) ကုန်သည်တွေအတွက် အလုပ်မဖြစ် ကူမင်းနဲ့ မြန်မာအစိုးရ သဘောတူထားတဲ့ ကုန်ပေးကုန်ယူစနစ် (ဘာတာ) ကုန်သည်တွေအတွက် အလုပ်မဖြစ် Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.