စစ်ကိုင်းတိုင်း နာဂဒေသကအာဟာရချို့တဲ့မှု ဖြေရှင်းဖို့ ကျန်းမာရေးနဲ့ ဆွေးနွေးမယ်

 မြို့နယ်ထဲမှာ အာဟာရချို့တဲ့တာ ကလေးတိုင်းလိုလိုဖြစ်နေတယ်။ ကြာလာတော့ ရောဂါတမျိုးလိုဖြစ်လာ သလားလို့တောင်တွေးမိတယ်
ကာလကြာရှည်ဖြစ်နေတဲ့ နာဂဒေသက ကလေးငယ်တွေ အာဟာရချို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဇွန်လ ၈ရက်နေ့ မုံရွာမှာဆွေးနွေးမယ်လို့ နန်းယွန်းမြို့နယ်၊ အမှတ် ၁၊ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စား လှယ် ဦးစိမ်းမောင်က ဘီဘီစီကိုပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အဟာရချို့တဲ့ရတဲ့ ပြဿနာဖြေရှင်းဖို့အပြင်၊ ရုတ်တရက်ဖျားနာတာ၊ အဲဒီကနေတဆင့် သေဆုံးတဲ့ အဆင့်ထိဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေထပ်မံမဖြစ်ပေါ်ဖို့ ကျန်းမာရေးဌာနအနေနဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစတဲ့ အာဏာပိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဦးစိမ်းမောင်ကပြောပါတယ်။

နန်းယွန်းမှာ ဇွန်လအတွင်းလုပ်ဆောင်နေတဲ့ မြန်မာလူထုကျန်းမာရေးမြှင့်တင်မှုအစီအစဉ် ဝန်ထမ်းများရဲ့ ဝေးလံခေါင်ဖျား ဒေသ ဘက်စုံစေတနာဝန်ထမ်းစီမံချက်၊ အရေးပေါ်လူနာညွှန်းပို့ထောက်ပံ့ခြင်း အစီအစဉ် ဆောင်ရွက်စဉ် နန်းယွန်းမြို့နယ် ပန်ဆောင်ဒေသက ကျေးရွာ ၂၃ရွာမှာ ခြေထောက်ခွင်ပြီး ကောင်းစွာ လမ်းမလျှောက်နိုင် တဲ့ကလေးငယ် ၁၃၇ ဦးကို တွေ့ရှိခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြထား ပါတယ်။

အဲလိုတွေ့ရှိခဲ့တဲ့ကလေးငယ်တွေကို ဆေးကုသမှုနဲ့ ဒေသခံရွာသူရွာသားတွေကို ကျန်းမာရေးအသိပညာ ပေးမှုတွေကို လုပ်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရပါတယ်။

 အစားအသောက်ပြဿနာကော၊ မိဘ ၂ပါးလုံးကဘိန်းစွဲနေတာတွေလည်းရှိတယ်။ နောက်ပြီး ကျန်းမားရေ ဗဟုသုတကြောင့်လည်း အာဟာရချို့တဲ့တဲ့ ပြဿနာတွေက ဆက်ရှိနေတာ
"မြို့နယ်ထဲမှာ အာဟာရချို့တဲ့တာ ကလေးတိုင်းလိုလိုဖြစ်နေတယ်။ ကြာလာတော့ ရောဂါတမျိုးလိုဖြစ်လာ သလားလို့တောင်တွေးမိတယ်။ ဒါကိုကျန်းမာရေးက သုတေသနလုပ်မှသေချာသိရမယ်။ ကျွန်တော် တို့ဒေသက ကလေးတွေတော်တော်များများက အာဟာရချို့နေတာကတော့ မှန်တယ်ဗျ" လို့ သူက ဘီဘီစီကိုပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တို့ဆိုပြီး မြို့နယ် ၃ခုနဲ့ဖွဲ့စည်းထား တာပါ။ အဲဒီထဲကမှ လူဦးရေ ခုနှစ်သောင်းလောက်နေထိုင်တဲ့ နန်းယွန်းမှာ မကြာခဏဆိုသလို ကျန်းမာရေး ဆိုင်ရာပြဿနာတွေဖြစ်ပွားလေ့ရှိနေတာလို့ လေရှီးဒေသခံ အထောင်းမကူရီ (Athong Makury) က ဘီဘီစီကို ပြောပါတယ်။

"အစားအသောက်ပြဿနာကော၊ မိဘ ၂ပါးလုံးကဘိန်းစွဲနေတာတွေလည်းရှိတယ်။ နောက်ပြီး ကျန်းမားရေ ဗဟုသုတကြောင့်လည်း အာဟာရချို့တဲ့တဲ့ ပြဿနာတွေက ဆက်ရှိနေတာ၊ အရင်ကဆို ဒီထက်တောင် များတယ်" လို့ သူကဆိုပါတယ်။

ပန်ဆောင်၊ နန်းယွန်း၊ ဒုံဟီးစတဲ့ဒေသ သုံးခုထဲကမှ ဒုံဟီးဒေသရဲ့ ကျေးရွာ ၄၀ကျော်ထဲ ကကလေးသူငယ်တွေ အာဟာရချို့တဲ့မှုက အခြား ပန်ဆောင်နဲ့ နန်းယွန်းဒေသတွေကထပ်ပိုပြီး များတယ်
နန်းယွန်းမြို့နယ်ထဲက ပန်ဆောင်၊ နန်းယွန်း၊ ဒုံဟီးစတဲ့ဒေသ သုံးခုထဲကမှ ဒုံဟီးဒေသရဲ့ ကျေးရွာ ၄၀ကျော်ထဲ ကကလေးသူငယ်တွေ အာဟာရချို့တဲ့မှုက အခြား ပန်ဆောင်နဲ့ နန်းယွန်းဒေသတွေကထပ်ပိုပြီး များတယ်လို့ ဦးစိမ်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်ကလည်း လဟယ်နဲ့ နန်းယွန်းမြို့နယ်ထဲက ကျေးရွာတွေမှာ အသက်ရှုလမ်းကြောင်း ရောဂါပိုးဝင်တဲ့ ကူးစက်ရောက်ဂါတစ်မျိုးကြောင့် လူကြီးတွေအပါအဝင်ကလေးငယ်ကော စုစုပေါင်း ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ခုနှစ်တုန်းကလည်း နန်းယွန်းမြို့နယ်၊ ဒုံဟီးဒေသအတွင်းကကျေးရွာတွေမှာ ကူးစက်တုပ်ကွေး ရောဂါကြောင့် ကလေးငယ်တွေသေဆုံးမှုရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
စစ်ကိုင်းတိုင်း နာဂဒေသကအာဟာရချို့တဲ့မှု ဖြေရှင်းဖို့ ကျန်းမာရေးနဲ့ ဆွေးနွေးမယ် စစ်ကိုင်းတိုင်း နာဂဒေသကအာဟာရချို့တဲ့မှု ဖြေရှင်းဖို့ ကျန်းမာရေးနဲ့ ဆွေးနွေးမယ် Reviewed by THITHTOOLWIN on 01:52 Rating: 5
Powered by Blogger.