မီးပျက်၍ ဝရံတာ ထွက်အိပ်သော တက္ကသိုလ်ဆရာတစ်ဦး ပြုတ်ကျသေဆုံး



မုံရွာ ဇွန် ၁၃

မုံရွာစီးပွားရေးတက္ကသိုလ်မှ လက်ထောက်ကထိကဆရာတစ်ဦးသည် ညပိုင်းမီးပျက်၍ လေအဝင်အထွက်ရသော အဆောင်ဝရံတာတွင်​ ထွက်အိပ်စဉ် ပြုတ်ကျသေဆုံးခဲ့ကြောင်း ၎င်း၏ မိတ်ဆွေ ဆရာဦးစိုးနိုင် ကပြောသည်။

တက္ကသိုလ် ကျောင်းသားများအဆောင်ဖြစ်သော ဗန္ဓုလဆောင်၏ အပေါ်ထပ်တွင် ကျောင်းသားအချို့နှင့် ဆရာဖြစ်သူတို့ အခန်းရှေ့ ဝရံတာတွင် ထွက်အိပ်ရာ ဇွန် ၁၂ရက် မနက်၁နာရီခွဲအချိန်ခန့်တွင် မီးလာ၍ အခန်းအတွင်း ပြန်ဝင်အိပ်ရန် ရွှေ့ပြောင်းစဉ်ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

"အရင်ကလည်း မီးမလာရင် အပြင်ထွက်အိပ်တတ်တယ်။မီးလာလို့ အထဲပြောင်းကြတဲ့အချိန် ပြုတ်ကျတဲ့အသံ ကြားလိုက်တာပဲ။သူ့မှာ သွေးတိုးရှိတယ်။သွေးကျဆေးသောက်နေရတယ်။သွေးတိုးတယ်လို့ ယူဆရတာပဲ"ဟု အဆိုပါ အဆောင်၏ အဆောင်နည်းပြဖြစ်သူ ဦးစိုးနိုင်က ပြောသည်။

သေဆုံးသွားသည့်ဆရာမှာ မုံရွာစီးပွားရေး တက္ကသိုလ် အသုံးချ ဘောဂဗေဒဌာန၏ လက်ထောက်ကထိက ဖြစ်ပြီး အသက် ၃ဝခန့် ဖြစ်သည်။

" သွေးဆောင့်တိုးပြီး သုံးပေလောက်ရှိတဲ့ လက်ရန်းဝရန်တာကနေ ပြုတ်ကျတာ၊ ဦးခေါင်းနောက် မှာဒဏ်ရာရပြီး​သေဆုးံတာ၊အခု သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်" ဟု နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းလင်း ကပြောသည်။

သေဆုးံသူသည်ပခုက္ကူဇာတိဖြစ်ပြီး မုံရွာစီးပွားရေး တက္ကသိုလ်တွင် ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည်မှာ ၅နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုမင်း(အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မီးပျက်၍ ဝရံတာ ထွက်အိပ်သော တက္ကသိုလ်ဆရာတစ်ဦး ပြုတ်ကျသေဆုံး မီးပျက်၍ ဝရံတာ ထွက်အိပ်သော တက္ကသိုလ်ဆရာတစ်ဦး ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.