ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှု တိုင်းအယူခံအတွက် ဦးရောဘတ် ဆောင်ရွက်မည်

ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၈ ရက်နေ့က အချုပ်ကားပေါ်မှာ တွေ့ရစဉ်
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံရမှုအပေါ် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တရားရုံးက အပြီးအပြတ်လွှတ်ပေးခဲ့တာကို ပြန်လည်စိစစ်ပေးဖို့ ရန်ကုန်တိုင်းဥပဒေရုံးက အယူခံဝင်ထားမှုအတွက် ရှေ့နေဦးရောဘတ်စန်းအောင်က ဒီနေ့ တိုင်းတရားလွှတ်တော်ရုံးမှာ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ပါတယ်။

လုပ်ထုံးလုပ်နည်းအရ နှစ်ဖက်လျှောက်လွဲချက်ကြားနားပြီး ရုံးချိန်းတောင်းရမှာဖြစ်ကြောင်းနဲ့ မူလမြို့နယ် တရားရုံးအမိန့်ကို အတည်ပြုဖို့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ ရှေ့နေ အနေနဲ့ လျှောက်လွဲချက်ပေးမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ် တရားရုံးက ကိုအောင်ကိုထွေးကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ဖျက်ဆီးတာ၊ ပျက်စီးစေတာ၊ ကိုယ်ကျိုး အတွက် အသုံးပြုတာ မရှိကြောင်းနဲ့ ပြစ်မှုထင်ရှားရှိကြောင်း မပေါ်ပေါက်တဲ့အတွက် အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချခဲ့ပါတယ်။

အဲဒီအမိန့်ကို မကျေနပ်တာကြောင့် တိုင်းဒေသကြီးဥပဒေရုံးက အမိန့်ချပြီး ၈ လ အကြာပြီးနောက် အခုလမှာ ပြန်လည်အယူခံတင်တာဖြစ်ပါတယ်။

ကိုအောင်ကိုထွေးဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားရုံးမထီမဲ့မြင်မှုတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ကျခံထားရပြီး အခုနှစ် အောက်တိုဘာလအတွင်း လွတ်ရက်စေ့မှာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှု တိုင်းအယူခံအတွက် ဦးရောဘတ် ဆောင်ရွက်မည် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှု တိုင်းအယူခံအတွက် ဦးရောဘတ် ဆောင်ရွက်မည် Reviewed by THITHTOOLWIN on 22:23 Rating: 5
Powered by Blogger.