ကန့်ကွက်သူ ရှိသော်လည်း ဝန်ကြီးအသစ်အဖြစ် ခန့်အပ်မှု အတည်ပြု


မုံရွာ၊ဇွန်-၂၆

စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးအဖြစ် ရွှေဘိုမဲဆန္ဒနယ် အမှတ် ၁မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူအား ခန့်အပ်တာဝန်ပေးမှုကို လွှတ်တော်ကိုယ်စားလှယ်သုံးဦးမှ ကန့်ကွက်မှုရှိခဲ့သော်လည်း လွှတ်တော်မှ ယနေ့ သဘောတူအတည်ပြုလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ ကန့်ကွက်ချက် မှာဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အကျုံးမဝင်၍ ကန့်ကွက်ချက်အဖြစ် သတ်မှတ်၍ မရခြင်း၊ကျန်ကိုယ်စားလှယ်အားလုံးကလည်း ကန့်ကွက်ချက် တင်ပြလာခြင်း မရှိသည့်အတွက် ဝန်ကြီးအဖြစ် သဘောတူသည်ဟု မှတ်ယူကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းပြောသည်။

"ဦးမိုးကျော်သူနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀၊၁၂၁၊ပုဒ်မ ၂၆၁ ပုဒမခွဲ ကတို့ပါ ပြဌာန်းချက်များနှင့်မကိုက်ညီခြင်း၊ညှိစွန်းနေခြင်းတို့ကို ထောက်ပြဆွေးနွေးထားခြင်း အထောက်အထားများဖြင့် ပူးတွဲ တင်ပြနိုင်ခြင်း မရှိသောကြောင့် ၄င်းတို့၏ တင်ပြချက်များကို ကန့်ကွက်ချက်အဖြစ် သတ်မှတ်လို့ မရနိုင်တာကို တွေ့ရပါတယ်"ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက လွှတ်တော်တွင်ပြောသည်။

အဆိုပါ ဝန်ကြီးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ အမည်စာရင်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ သမ္မတရုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ထို့နောက် သမ္မတက ရွေးချယ် ပြန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ဝန်ကြီးချုပ်က တစ်ယောက်တည်းကိုပဲ ရွေးချယ်ပြီး လွှတ်တော်မှာ အဆိုပြုချက်တင်တာဟာ ရိုးသားမှုမရှိဘူးလို့ မြင်တယ်။ကိုယ်စားလှယ်အရည်အချင်းနဲ့ ပတ်သက်ပြီး မကန့်ကွက်ပေမယ့် ဒေသခံတွေအကျိုးအရ အဲဒီနယ်မှာ ဖွံ့ဖြိုးရေးထိခိုက်မှာစိုးလို့ ကန့်ကွက်တာ။ဒါပေမယ့် လွှတ်တော်မှာ ဆွေးနွေးခွင့်မရခဲ့ဘူး"ဟု ကန့်ကွက်ချက်အဆို တင်ခဲ့သည့် မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းကပြောသည်။

ဝန်ကြီးချုပ်အဆိုပြုလာသူသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀၊၁၂၁၊ပုဒ်မ ၂၆၁ ပုဒ်မခွဲ ကတို့ပါ ပြဌာန်းချက်များနှင့်မကိုက်ညီခြင်း၊ဖောက်ဖျက်ကျူးလွန်မှသာ လွှတ်တော်မှ ကန့်ကွက်နိုင်မည်ဖြစ်သည်။

"ဝန်ကြီးချုပ်ကတော့ ကိုယ်စားလှယ်သုံးဦးရွေးချယ်ပြီး သမ္မတရုံးကို ပေးပို့တာပဲလေ။သမ္မတက စိတ်တိုင်းကျရွေးချယ်လိုက်တာပဲ။ဒေသဖွံ့ဖြိုးရေးတွေမှာလည်း ပြသနာမရှိဘူးလို့ ယူဆလို့ သမ္မတက ရွေးချယ်တယ်လို့ မြင်တယ်"ဟု ဝန်ကြီးအဖြစ် အတည်ပြုခံရသည့် ဦးမိုးကျော်သူက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်သည်။

အိအိမွန်
Monywa Gazette
https://www.facebook.com/monywagazette
ကန့်ကွက်သူ ရှိသော်လည်း ဝန်ကြီးအသစ်အဖြစ် ခန့်အပ်မှု အတည်ပြု ကန့်ကွက်သူ ရှိသော်လည်း ဝန်ကြီးအသစ်အဖြစ် ခန့်အပ်မှု အတည်ပြု Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.