AA လို့ယူဆပြီးဖမ်းဆီးစစ်ဆေးနေသူထဲက တစ်ယောက်သေဆုံး

သေဆုံးသွားသူဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသား ကိုနေမျိုးထွန်းကို တွေ့ရစဉ်
AA အဖွဲ့ဝင်တွေလို့ ယူဆပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေသူတွေထဲက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသားတစ်ဦး ဒီနေ့ သေဆုံးသွားပါတယ်။

သေဆုံးသူဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုနေမျိုးထွန်း ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့က ဝေသာလီဘုရားကြီးကို ပြုပြင်ဖို့ လက်သမားအဖြစ် ဝေသာလီရွာကို ရောက်ရှိနေစဉ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ရုပ်အလောင်းကို ကျောက်တော်ဆေးရုံဆီ လာရောက်ပို့ဆောင်ထားတယ်လို့သာ သတင်းကြားသိရပြီး မိသားစုဝင်တွေကိုတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က အကြောင်းကြားအသိပေးတာ မရှိကြောင်း သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ဒီနေ့ မနက်ပိုင်းက သူ သေတယ်ဆိုပြီး ကျောက်တော်ဆေးရုံ ရင်ခွဲရုံကို လာအပ်လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဘေးက သတင်းရတာမို့ပါ ကျနော်တို့ တစ်ဆင့်မှတစ်ဆင့် စုံစမ်းကြည့်တဲ့အခါ ကျနော်တို့ မိသားစုဝင်ဆိုတာ သိရပါတယ်"

ကိုနေမျိုးထွန်းဟာ AA တပ်ဖွဲ့ဝင် မဟုတ်ကြောင်း နဲ့ ဖမ်းဆီးစဉ်ကတည်းက မိသားစုဝင်တွေကို တစ်စုံတရာ အကြောင်းကြားတာမရှိသလို တွေ့ဆုံခွင့်လည်း မရခဲ့ဘူးလို့ ဆိုပါတယ်။

AA တပ်ဖွဲ့ဝင်လို့ ယူဆပြီး ကိုနေမျိုးထွန်းအပါအ၀င် ရှစ်ဦးကို ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျောက်တော်မြို့နယ် မြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းနေတယ်လို့ တပ်မတော်က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆေးခံနေရသူတစ်ဦး သေဆုံးသွားတာနဲ့ပတ်သက်လို့ ကျောက်တော်မြို့နယ် မြို့မရဲစခန်းကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရသေးကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေအကြား AA အဖွဲ့ဝင်တွေလို့ ယူဆပြီး တပ်မတော်ရဲ့ဖမ်းဆီးစစ်ဆေးမေးမြန်းခံရသူတွေဟာ စစ်ဆေးခံနေရစဉ် သေဆုံးသူတွေရှိသလို ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိနေပါတယ်။

အဲဒီလိုသေဆုံးတဲ့အခါမှာလည်း သေဆုံးသူရဲ့မိသားစုဝင်တွေကို အသိပေး အကြောင်းကြားတာမရှိသလို၊ သဂြိုလ်ခွင့်တောင် မပေးတာတွေ ရှိတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

ဒီနေ့ သေဆုံးတဲ့ ပေါက်တောပြင်ရွာသားနဲ့ပတ်သက်လို့ မိသားစုဝင်တွေ သဂြိုလ်ခွင့်ရအောင် ကြိုးစားနေတယ်လို့ ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

"ကျနော်တို့ကတော့ သက်ဆိုင်ရာ မိသားစုဝင်တွေ သဂြိုလ်ခွင့်ရအောင် လုပ်ပေးမယ်။ အစိုးရအနေနဲ့ လုပ်ပေးမလား မလုပ်ပေးဘူးလား ဆိုတာ မသိရသေးဘူး။ သက်ဆိုင်ရာမိသားစုဝင်တွေဆီက အကြောင်းပြန်လာရင် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေဆီ အကြောင်းကြားပြီး သဂြိုလ်ခွင့်ရအောင် ဆောင်ရွက်သွားမယ်"

သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူတွေ သေဆုံးတဲ့အခါ မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားတာ မရှိဘူးလို့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက---

"တချို့ကိစ္စတွေမှာတော့ ကျနော်တို့ အချိန်မီ အကြောင်းကြားနိုင်ခဲ့တယ်။ တချို့ကိစ္စတွေမှာတော့ အချိန်မီ အကြောင်းကြားနိုင်ခဲ့ခြင်းမရှိဘူး။ မှန်တယ်ဗျ။ လုံခြုံရေးအရ အကြောင်းမကြားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ။ လုပ်ထုံးလုပ်နည်းအရတော့ ပထမဆုံး သေမှုသေခင်းဖွင့်တာရှိမယ်၊ ရင်ခွဲစစ်ဆေးချက်ယူတာရှိမယ်၊ အဲဒါတွေတော့ ကျနော်တို့ မပျက်မကွက် ဆောင်ရွက်ပါတယ်"

ပေါက်တောပြင်ကျေးရွာက ဖမ်းဆီးခံရသူတွေကို AA တပ်ဖွဲ့ဝင်တွေလို့ တပ်မတော်က စွပ်စွဲထားပေမယ့် AA အဖွဲ့ကတော့ သူတို့အဖွဲ့ဝင်တွေမဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စတင်ခဲ့တဲ့ AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေအတွင်း AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့သူ ၉၀ကျော် ရှိပြီး၊ လတ်တလော စစ်ဆေးနေဆဲ ၃၆ ယောက်၊ အမှုဖွင့်အရေးယူထားတာ ၄၅ ယောက် နဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ သုံး ယောက် ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်ရှင်။

RFA Burmese
https://www.rfa.org
AA လို့ယူဆပြီးဖမ်းဆီးစစ်ဆေးနေသူထဲက တစ်ယောက်သေဆုံး AA လို့ယူဆပြီးဖမ်းဆီးစစ်ဆေးနေသူထဲက တစ်ယောက်သေဆုံး Reviewed by THITHTOOLWIN on 04:13 Rating: 5
Powered by Blogger.