အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဒေါက်တာအေးမောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့လို


နိရဉ္စရာ၊ မေလ ၇/ ၂၀၁၉

နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက ဒေါက်တာ အေးမောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောကြားသည်။

ယနေ့ မေလ ၇ ရက်နေ့၌ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့် ၁၆/ ၂၀၁၉ ဖြင့် မြန်မာနိုင်ငံ ထောင်အသီးသီးမှ လွတ်မြောက်လာသည့် အကျဉ်းသား/သူ ၆၅၂၀ ရှိရာ ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၀ ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP က သတင်းထုတ်ပြန်သည်။

သို့သော် ထိုအထဲတွင် လူသိများသည့် ရခိုင်နိုင်ငံရေး ခေါင်းဆောင် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ပါဝင်ခြင်း မရှိပေ။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က “ အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒီကနေ့ လွတ်ပေးရတဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူတွေ စိတ်ချမ်းသာဖို့၊ ပီးတဲ့အခါကျတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အပံ့အဖြစ်ဖို့ ဆိုပီး ပြောထားတာတွေကို တွေ့တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အပံ့အဖြစ်ဖို့ ဆိုလို့ရှိရင် တိုင်းရင်းခေါင်းဆောင်တွေကို ပြန်လွတ်ပေးဖို့ လိုတယ်။ အခုလွတ်ပေးတဲ့ အထဲမှာ ဒေါက်တာ အေးမောင်တို့ မပါဘူး။ အဲဒီအပြင် နိုင်ငံရေး အကျဉ်းသားတွေလည်း အများအပြားကျန်ပါသေးတယ်။ ဆိုတဲ့ အခါကျတော့ တကယ် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရည်မှန်းတယ်။ ငြိမ်းချမ်းရေးကို ရည်မှန်းတယ်ဆိုလို့ရှိရင် ဒေါက်တာအေးမောင် အပါအ၀င် နိုင်ငံရေး သမားတွေကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့ လိုပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လက်ရှိ ထောင်ကျပြီးသား ၂၄ ဦး၊ ထောင်ထဲမှ နေ၍ အမှုရင်ဆိုင်နေရသူ ၉၀ ဦး နှင့် ထောင်အပြင်မှ အမှုရင်ဆိုင်နေသူ ၁၉၃ ဦးရှိကြောင်း AAPP စာရင်း အရ သိရသည်။

၎င်းပြင် ကိုဘိုကြည်က “ ကျွန်တော်တို့ ပြောချင်တာက နိုင်ငံရေး အကျဉ်းသားတွေက လူအဖွဲ့အစည်းကို ဒုက္ခပေးမယ့်သူတွေမဟုတ်ဘူး။ လူအဖွဲ့အစည်းကို ကူညီမယ့်သူတွေ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေး သမားတွေကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့ လိုပါတယ်” ဟု ပြောကြားသည်။

ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား (၂၀) ဦး စာရင်းထဲတွင် ရိုက်တာ သတင်းထောက် ကျော်စိုးဦး (ခ) မိုးအောင်နှင့် ဝလုံး (ခ) သက်ဦးမောင်တို့ပါဝင်သည်.

တစ်ခြားသူများမှာ ABSDF ကျောင်းသားအဖွဲ့မှ အောင်ဆွေဦးနှင့် မောင်ဦး အပါအ၀င် မိုင်းချိုမင်းထွေး (ခ) အိုက်ယန်း၊ စိုင်းအိုက်လုံး (ခ) အိုက်လုံး၊ ဒေါ်မြဆင့်၊ နှင်းဟေမာဝင်း၊ ချောစု၊ ဒေါ်ဌေး (ခ) တင်တင်ဝင်း၊ အိုက်ကို (ခ) ဝင်းကို၊ စိုင်းလှထွန်း၊ လုံးအော်င၊ စိုင်းစိန်နာ၊ စိုင်းစံ၊ စိုင်းခွန်၊ လုမ်စံစိုင်း၊ စိုင်းပန၊ စိုင်းထွန်းဖေနှင့် စိုင်းအိုက်တောင်းတို့ ဖြစ်ကြသည်ဟု AAPP စာရင်းအရ သိရသည်။

Narinjara
https://www.facebook.com/Narinjara
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဒေါက်တာအေးမောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့လို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဒေါက်တာအေးမောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့လို Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.