အကျဉ်းထောင် ၆ ခုမှာ ဆူပူမှုဖြစ်၊ ရွှေဘိုအကျဉ်းထောင်မှာ လူသေဆုံးတဲ့အထိဖြစ်ကာ ပြေလည်မှုမရသေး

 ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကို ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် အကျဉ်းသား ၄ ဦးသေဆုံး
ဒီကနေ့ မေ ၉ ရက်နေ့မနက်ပိုင်းမှာ ရွှေဘို၊ သာယာဝတီ၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့အကျဉ်းထောင်တွေမှာ ဆူပူမှုတွေဆက်တိုက်ဖြစ်ခဲ့ပြီး ရွှေဘိုအကျဉ်းထောင်မှာတော့ အကျဉ်းသားသေဆုံးမှုတွေရှိခဲ့ပြီး မေ ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်ထိ ပြေလည်မှုမရရှိသေးဘူးလို့ သက်ဆိုင်ရာ တိုင်းဒေသကြီးအာဏာပိုင်တွေ ကနေ စုံစမ်းသိရှိရပါတယ်။

မေ ၈ ရက်နေ့မှာ ကလေးအကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်နဲ့ ရွှေဘိုအကျဉ်းထောင်တို့မှာ ဆူပူမှု တွေစတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ကလေးအကျဉ်းထောင်နဲ့ ဘားအံအကျဉ်းထောင်ဆူပူမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းဆောင်ရွက်တာတွေပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုထောင်ဆူပူမှုကို ထိန်းသိမ်းနိုင်ခြင်းမရှိတာကြောင့်ရဲတပ်ဖွဲ့အပြင် တပ်မတော်ကပါ လုံခြုံရေး ရယူ ထားခဲ့ရတာဖြစ်ပါတယ်။

 ရွှေဘိုအကျဉ်းထောင်မှာ ရဲတပ်ရင်းတွေအပြင် တပ်မတော်ကပါလုံခြုံရေးရယူထား
မေလ ၈ ရက်နေ့ ညနေ ၄ နာရီကတည်း စတင်ခဲ့တဲ့ ရွှေဘို ထောင်ဆူပူမှုကိုတော့ သက်ဆိုင်ရာ တာဝန် ရှိသူ တွေနဲ့ အကျဉ်းသားတွေ နေ့လယ် ၁ နာရီ အထိ ညှိလို့ မရသေးလို့ အကျဉ်းဆောင်တွေထဲကို အာဏာပိုင်တွေက ဝင်ရောက်ဖို့ ကြိုးစားနေကာ အဆာင် ၁ အထိ ဝင်လို့ရပြီလို့ ဒေါက်တာမြင့်နိုင်က ဘီဘီစီကို ပြောပါတယ်။

'' ရွှေဘိုအကျဉ်းထောင်မှာ တပ်ရော၊ရဲတပ်ဖွဲ့ဝင်တွေရော ရဲတပ်ရင်းတွေရော လုံခြုံရေးကို တိုးချထားတယ်။ အဲဒီမှာတိုင်းဒေသကြီး ဝန်ကြီးချုပ်ရော နယ်လုံဝန်ကြီးရော ခရိုင်ရဲတပ်ဖွဲ့မှူးတွေ အကျဉ်းဦးစီးဌာနကရော အကုန်လုံးရောက်ပြီး ငြိမ်သက်အောင်ဆောင်ရွက်နေကြပါတယ်။'' လို့ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးလှိုင်တင့်က ဘီဘီစီကိုပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကြောင့် ပစ်ခတ်နှိမ်နှင်းရင်း သေဆုံးသွားတဲ့အကျဉ်းသားတွေ ၄ဦးရဲ့ ရုပ်အလောင်း တွေကိုတော့ နေ့လယ် ၁၂ နာရီခန့်မှာ အပြင်ကို သယ်ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

ရွှေဘိုအကျဉ်းထောင်ဆူပူမှုမှာ အကျဉ်းသားတွေနဲ့ ညှိနှိုင်းလို့မရဘဲ ဆူပူတာတွေထပ်ဖြစ်လာတဲ့အတွက် နေ့လယ် ၂နာရီဝန်းကျင်ခန့်မှာ မျက်ရည်ယိုဗုံး လို့ယူဆရတဲ့ပေါက်ကွဲသံတွေကိုလည်း ကြားရတယ်လို့ ရွှေဘိုထောင်ရှေ့မှာ ရောက်နေတဲ့ ဒေသခံအချို့ကပြောပါတယ်။

၂ ရက် အတွင်း နိုင်ငံတဝန်းက အနည်းဆုံး အကျဉ်းထောင် ၆ ခုဆူပူမှုဖြစ်
ရွှေဘိုအကျဉ်းထောင်မှာ ပြေလည်မှုမရသေးတာကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်နိုင်လည်း ဒုတိယအကြိမ်အနေနဲ့ ညနေ ၃နာရီကျော်ထပ်မံရောက်ရှိလာတယ်လို့ ထောင်တွင်းမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်မောင်က ဘီဘီစီကိုပြောပါတယ်။

မေလ ၈ ရက်နဲ့ ၉ ရက် (ဒီနေ့) ၂ ရက် အတွင်း နိုင်ငံတဝန်းက အနည်းဆုံး အကျဉ်းထောင် ၆ ခုက ထောင်နဲ့ချီတဲ့ အကျဉ်းသား တွေဟာ သမ္မတ လွတ်ငြိမ်းချမ်းသက်သာခွင့်က တန်းတူညီမျှမှု မရှိဘူးဆိုပြီး မီဒီယာ၊ လူ့အခွင့်အရေးကော်မရှင်၊အစိုးရအဖွဲ့တာဝန်ရှိသူတွေ နဲ့တွေ့ဆုံ ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြ တာဖြစ်ပါတယ်။

အခုလိုအကျဉ်းထောင်တွေမှာ ဆူပူမှုတွေမဖြစ်ခင် ဧပြီ၊ မေ နှစ်လအတွင်း နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်း သက်သာခွင့်နဲ့ နိုင်ငံတဝန်းကအကျဉ်းသား ၂၃၀၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း ၄၀ ကျော်ရှိပြီး အကျဉ်းထောင်တွေကို အဆင့်သတ်မှတ်ချက်အနေနဲ့ လူ ၁,၀၀၀ဆံ့ ထောင်ကို ကကြီးအဆင့်၊ လူ ၅၀၀ ဆံ့ ထောင်ကို ခ အဆင့်နဲ့ ဂ အဆင့်၊ လူ ၃၀၀ ဆံ့ထောင်ကို ဃ အဆင့် အဖြစ် သတ်မှတ်ထားခဲ့ ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျန်တဲ့အဆင့် ၂ ခုကိုဖျက်သိမ်းလိုက်ပြီး ထောင်အားလုံးကို ကနဲ့ ခ အဆင့် ထောင်တွေအဖြစ် တိုးမြှင့်ပြီးသတ်မှတ်ခဲ့ပါတယ်။

ထောင်အဆင့်သတ်မှတ်ချက် တွေကို တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ အဆောက်အအုံ တွေကိုတော့ လိုက်ပါတိုးချဲ့နိုင်ခြင်းမရှိတဲ့အတွက် အကျဉ်းသားတွေဟာ သတ်မှတ်ဦးရေထက် ပိုပြီးနေထိုင်နေကြရ တယ်လို့လည်း အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

BBC Burmese
https://www.bbc.com
အကျဉ်းထောင် ၆ ခုမှာ ဆူပူမှုဖြစ်၊ ရွှေဘိုအကျဉ်းထောင်မှာ လူသေဆုံးတဲ့အထိဖြစ်ကာ ပြေလည်မှုမရသေး အကျဉ်းထောင် ၆ ခုမှာ ဆူပူမှုဖြစ်၊ ရွှေဘိုအကျဉ်းထောင်မှာ လူသေဆုံးတဲ့အထိဖြစ်ကာ ပြေလည်မှုမရသေး Reviewed by THITHTOOLWIN on 17:30 Rating: 5
Powered by Blogger.