သမဝါယမ ချေးငွေမှတ်တမ်းအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရ


ပဲခူး၊ ဇန်နဝါရီ ၁၅။

သမဝါယမဦးစီးဌာနရုံး ချေးငွေမှတ်တမ်းအချို့အား မီးရှို့ဖျက်ဆီးခံခဲ့ရမှု အုတ်ဖိုမြို့တွင် ဖြစ်ပွားခဲ့ကြောင်း အုတ်ဖိုမြို့နယ်ရဲစခန်းထံမှ သိရသည်။

အုတ်ဖိုမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာထွန်းနှင့် ရုံးဝန်ထမ်းတစ်ဦးတို့သည် ယနေ့နံနက် ၉ နာရီကျော်အချိန်ခန့်၌ ရုံးသို့ရောက်ရှိလာရာ ရုံးတံခါးဖွင့်၍ အတွင်းသို့ဝင်ရောက်စဉ် အတွင်းရှိစားပွဲခုံတစ်လုံးပေါ်တွင် ရုံးမှတ်တမ်းစာရွက်စာတမ်းအချို့အား မီးဆွဲလောင်နေသည်ကိုတွေ့ရှိခဲ့ရာမှ အုတ်ဖိုမြို့နယ်ရဲစခန်းသို့ သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

"အဲဒီရုံးက ဦးစီးအရာရှိနဲ့ ဝန်ထမ်းတစ်ဦးက ရုံးတံခါးဖွင့်ဝင်လိုက်တဲ့အချိန်မှာ စားပွဲခုံပေါ်မှာ စာရွက်စာတမ်းတွေမီးလောင်နေတာကို စတွေ့တာပေါ့။ အဲတော့ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ဆီကို ဖုန်းဆက်အကြောင်းကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့ပါတယ်။ ရုံးဝန်ထမ်းနှစ်ဦးက တံခါးကိုဖွင့်ဝင်လိုက်တဲ့အချိန်မှာ နောက်ဘက်က ပြူတင်းပေါက်တံချပ်ကို ပွင့်ရက်သားတွေ့ရတယ်လို့ ဆိုတယ်။ ဒါက အတွင်းလူပဲလား ဒါမှမဟုတ် ခြိမ်းခြောက်ချင်တဲ့သဘောနဲ့လုပ်တာလားပေါ့ လောလောဆယ်တော့ ကျွန်တော်တို့ တိတိကျကျမပြောနိုင်သေးဘူး"ဟု အုတ်ဖိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုံးမှတ်တမ်းအချို့ မီးရှို့ဖျက်ဆီးခံရသည့်အပြင် ဘီရိုအချို့ကိုလည်း မွှေနှောက်ထားပြီး ငွေကျပ် ၁၃၀,၀၀၀ ကျော်တွင် ကျပ် ၇၀,၀၀၀ ကျော်ကိုယူငင်သွားခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ စွပ်စွဲတိုင်ကြား
ထားသည်။

အထက်ပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ နယ်မြေရဲစခန်းမှ (ပ)၂၅/၂၀၁၉၊ ပြည်သူပိုင်ကာကွယ်ရေးဥပဒေပုဒ်မ (၆)၁ အရ အမှုဖွင့်လှစ်ကာ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-Zaw Min

BagoWeeklyJournal
https://www.facebook.com/bagoweeklyjournal1212/
သမဝါယမ ချေးငွေမှတ်တမ်းအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရ သမဝါယမ ချေးငွေမှတ်တမ်းအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရ Reviewed by THITHTOOLWIN on 14:30 Rating: 5
Powered by Blogger.